လမ်းပိုင်းအခက်အခဲ‌ကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှု ခေတ္တရပ်တန့်ထားရဆဲ

0
320

မိုးရွာသွန်းမှုနှင့် လမ်းချော်/လမ်းပျက်စီးနေမှုများကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှု ခေတ္တရပ်တန့်ထား‌ရကြောင်း မြဝတီနယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ယခုရက်ပိုင်းတွင် မုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံးအနှံ့မိုးရွာသွန်းနေပြီး မြေသားလမ်းများကိုသာ အများဆုံးအားပြုနေရသည့် မြဝတီကုန်သွယ်ရေး လမ်းကြောင်းမှာ သွားလာရခက်ခဲမှုများ ရှိနေကာ ကုန်ကားများ ခေတ္တရပ်နားထားရကြောင်း သိရသည်။

” လမ်းကမိုးရွာထားတော့ အဆင်မပြေဘူး။ လမ်းချော်တာတွေဘာတွေဖြစ်တယ်။ ပြီးတော့ ကုန်တွေတင်ပြီး သွားရတာဆိုတော့ အဆင်မပြေဘူး။ ဒါကြောင့် ကားတွေကိုလည်း သိပ်မလွှတ်ရဲဘူးဖြစ်နေတာ။ အရင်လွှတ်ထားပြီးသား ကားတွေပဲသွားနေတယ်။ ကားသစ်တွေကတော့ မလွှတ်ထားဘူး။ ရပ်ထားတယ်”ဟု သွင်းကုန်လုပ်ငန်းရှင်တစ်‌ဦးကပြော သည်။

လက်ရှိတွင် မုန်တိုင်းအရှိန်ကြောင့် မွန်၊ ကရင် အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး လာမည့် ရက်ပိုင်းအတွင်း ဆက်လက်ရွာနိုင်သည့်အခြေ အနေရှိနေဆဲဖြစ်သည်။

ယင်းကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။

မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း၏ အဓိက လမ်းကြောင်းဖြစ်သည့် မြဝတီ – ကော့ကရိတ် (အာရှလမ်း) ကုန်သွယ်ရေးလမ်းကြောင်းမှာ တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ ပိတ်ထားရဆဲဖြစ်သည့်အတွက် တောလမ်းကိုသာ အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်နေရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here