တဖြည်းဖြည်း အားလျော့လာတော့မည့် မုန်တိုင်း ရီမယ်လ်

0
420

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)သည် နောက် ၁၅ နာရီအတွင်း တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

ထို မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါ ကျွန်းတို့အကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးကနေ ဆက်လက်ဖြတ်ကျော်နေကြောင်းလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ထို ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ပြီးနောက် နောက် ၁၅ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်းလည်း မိုး/ဇလကဆိုသည်။

လက်ရှိတွင် ထို ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဒေသအလိုက်နဲ့ စစ်ကိုင်း၊ မကွေးနဲ့ ကချင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်၌ မိုး/ဇလက ပြောသည်။

မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်လည်းမြေပြိုမှုအန္တရာယ် နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများကို ကြိုတင်သတိပြုနိုင်ကာ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြဖို့ မိုး/ဇလက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here