သံတမန်ရေးနှင့် လုံခြုံရေးဆွေးနွေးရန် တောင်ကိုရီးယားနှင့်တရုတ်တို့သဘောတူ

0
203

ဆိုးလ်၊မေ ၂၆

တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်နှင့် တရုတ်ဝန်ကြီးချုပ် လီချင်တို့သည် သံတမန်ရေးရာနှင့်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို စတင်ကာ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အတွက် ဆွေးနွေးပွဲများကိုပြန်လည်စတင်ရန် သဘောတူညီခဲ့ကြကြောင်း သမ္မတယွန်း၏ရုံးမှ သတင်း ထုတ်ပြန်ချက်တစ်ရပ်အရသိရသည်။

၎င်းတို့နှစ်ဦးသည် လေးနှစ်ကျော်ကာလအတွင်း ပထမဆုံးအနေဖြင့်ပြန်လည်ကျင်းပသည့် ဂျပန်၊တောင်ကိုရီးယားနှင့်တရုတ်တို့၏ သုံးနိုင်ငံဆွေးနွေးပွဲမတိုင်မီ ဆိုးလ်မြို့၌ နှစ်နိုင်ငံသီးသန့်တွေ့ဆုံခဲ့ကြခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံ၏အဓိကမဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့်ဂျပန်တို့သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဆက်ဆံရေးတင်းမာလျက်ရှိသည့် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား မယုံကြည်ရမှုများကို ဖြေရှင်းပေးနိုင်ရန်လည်းကြိုးပမ်းနေကြခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့်တရုတ်တို့သည် အပြန်အလှန်လေးစားမှုကိုအခြေခံကာ ဘုံအကျိုးစီးပွားများကို မြှင့်တင်ရန်သာမက ရုရှား – ယူကရိန်းအရေး၊အစ္စရေး – ဟားမတ်စ်ပဋိပက္ခနှင့် ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများစသည့် ဘုံစိန်ခေါ်မှုများကို အတူတကွဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်သင့်သည်ဟုလည်း မစ္စတာယွန်းက မစ္စတာလီကို ေပြာခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့်မူ ဈေးကွက်ဝင်ရောက်မှုကို ပိုမိုချဲ့ထွင်လုပ်ကိုင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အာမခံချက်များခိုင်မာစေရန်အတွက် Samsung ကဲ့သို့သောတောင်ကိုရီးယားကုမ္ပဏီများနှင့် ရင်းနှီးမြှပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ကိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မစ္စတာလီကဆိုခဲ့သည်။

Source : ရိုက်တာ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here