ရွှေတိဂုံစေတီတော်မြတ်ကြီးတွင်သံဃာတော် (၅၅၅၅) ပါး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား ပြုလုပ်မည်

0
446

ရန်ကုန်၊ ရွှေတိဂုံစေတီတော်တွင် သံဃာတော် (၅၅၅၅) ပါး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ထိုဆွမ်းဆန်တော်လောင်းလှူပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်၌ ဗီယက်နမ်နိုင်ငံရှိ အလှူရှင်များက ဦးဆောင်ကျင်းပမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကိုလည်း မေလ (၂၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သေးသည်။

ထိုအစည်းအဝေး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက သံဃာတော်များနှင့်လိုက်ပါမည့်ကျောင်းသားများ စီမံထားရှိမှုကိုလည်းကောင်း၊ တိုင်းဒေသကြီး သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးဇော်ဦးက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အထူးပင့်ဆောင်မည့် သံဃာတော်များအား လျှောက်ထားမည့်အစီအစဉ်ကို လည်းကောင်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ ဂေါပက က ရွှေတိဂုံစေတီတော်ရင်ပြင်တွင် အခမ်းအနားကျင်းပနိုင်ရေး နေရာစီစဉ်ဆောင်ရွက်ထားရှိမည့် အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က သံဃာတော်များအတွက် မော်တော်ယာဉ်များစီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မင်းဇော်က ယာဉ်ရပ်နားမည့်နေရာများနှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းစနစ်တကျရှိစေရေး ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ ဗီယက်နမ်အလှူရှင်များအဖွဲ့ (ကိုယ်စား) ကိုယ်စားလှယ်တစ်ဦးက အလှူရှင်များ လောင်းလှူမည့်ပစ္စည်းများနှင့် အလှူရှင်များ၏ အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here