ICCR မှ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတကာဆု ဆက်ကပ်

0
216

မေလ ၃၁ ရက်နေ့က အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီ(ICCR) သည် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတကာဆု (International Award for Promotion of Buddhism) ကို ဆက်ကပ်အပ်နှင်းချီးမြှင့်သော အခမ်းအနားအား ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်မှာရှိ အိန္ဒိယစင်တာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Kumar Tuhin မှ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအား ၂၀၂၃ ခုနှစ်အတွက် အဆိုပါဆုကိုဆက်ကပ်ကာ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အသစ် H.E. Mr. Abhay Thakur မှ သင်္ကန်းများဆပ်ကပ်လှူဒါန်းခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌ မြို့တော်ဝန် ဦးဘိုဌေး အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ 

ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတကာဆု (International Award for Promotion of Buddhism) ဆိုသည်မှာ ICCR မှ ဗုဒ္ဓဘာသာထွန်းကားရေးအတွက် ထူးချွန်စွာဆောင်ရွက်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ပညာရှင်များ၊ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား အသိအမှတ်ဂုဏ်ပြုရန်အတွက် ၂၀၂၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး၊ ထိုဆုတွင် ဆက်ကပ်ရသော အကြောင်းအရင်းလျှောက်ထားလွှာ၊ ဆုတံဆိပ်တစ်ခုနှင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ တိတိပါသော နဝကမ္မဝတ္ထုတို့ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here