အစ္စရေး အမြောက်ကျည်တစ်ခုပေါ်မှာ “သူတို့ကို အဆုံးသတ်လိုက်ပါ” ဆိုတဲ့ စာသားရေးခဲ့မှုကြောင့် နစ်ကီဟာလေ ဝေဖန်ခံနေရ

0
176

လူပေါင်း သောင်းချီသေဆုံးခဲ့ရပြီဖြစ်တဲ့ ဂါဇာစစ်ပွဲ ဆက်ဖြစ်နေချိန်မှာ ရီပတ်ဘလီကန် သမ္မတလောင်း ပြိုင်ပွဲဝင်ဟောင်း နစ်ကီဟာလေက မကြာခင်က သူမရဲ့ အစ္စရေးနိုင်ငံ ခရီးစဉ်အတွင်း အမြောက်ကျည်တစ်ခုပေါ်မှာ “သူတို့ကို အဆုံးသတ်လိုက်ပါ” ဆိုတဲ့ စာသားရေးထိုးခဲ့ပါတယ်။

အမြောက်ကျည်ပုံရှေ့မှာ ရှိနေတဲ့ ဟာလေက ကျည်တစ်ခုပေါ်မှာ marker ပင်တစ်ချောင်းနဲ့ စာရေးနေခဲ့တဲ့ ပုံတစ်ပုံကို အစ္စရေးနိုင်ငံရေးသမားဖြစ်သလို ကုလဆိုင်ရာ သံအမတ်ဟောင်းလည်းဖြစ်တဲ့ ဒန်နီ ဒါနွန်က ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။

သူ မျှဝေခဲ့တဲ့ ဒုတိယမြောက်ပုံမှာတော့ ဟာလေ လက်မှတ်ရေးထိုးထားတဲ့ စာသားကိုတွေ့မြင်ရပြီး “ သူတို့ကို အဆုံးသတ်လိုက်ပါ- ထာဝရ အမေရိက နှလုံးသား အစ္စရေး” လို့ ရေးထားခဲ့တာဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရန့်လက်ထက်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဖြစ်တဲ့ ဟာလေရဲ့ သီတင်းပတ်ကုန်ပိုင်းက အစ္စရေးနိုင်ငံ ခရီးစဉ်တလျှောက်မှာ ဒါနွန်လည်း လိုက်ပါခဲ့တာဖြစ်ပါတယ်။

ဟာလေရဲ့ အမြောက်ကျည်ပေါ်က စာသားအတွက် လူ့အခွင့်အရေးအုပ်စုတွေက မဆိုင်းမတွဆိုသလို ဝေဖန်ခဲ့ကြပါတယ်။

“ပဋိပက္ခဟာ စတန့်ထွင်ဖို့ နေရာမဟုတ်ပါ၊ ပဋိပက္ခမှာ စည်းမျဉ်းစည်းကမ်းတွေရှိပြီး အရပ်သားတွေကို ကာကွယ်ရပါမယ်” လို့ ဟာလေရဲ့ လုပ်ရပ်အပေါ် Amnesty International အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ  ကြေညာချက်ထုတ်ပြန် တုန့်ပြန်ခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာရဲ့ ရာဖာဒေကို ထိုးစစ်ဆင်နေတာ သုံးပတ်ကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ မြို့ရဲ့ အနေက်ပိုင်းခရိုင်ရှိ ယာယီစစ်ရှောင် တဲစခန်းတစ်ခု မီးလောင်ကျွမ်းခဲ့ကာ လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကြောင့် နိုင်ငံတကာ ခေါင်းဆောင်တွေ အမျက်ဒေါသ ဖြစ်ခဲ့ကြပါတယ်။

လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ အမှုဆောင်ဒါရိုက်တာဟောင်း Kenmeth Roth က အင်္ဂါနေ့ညပိုင်းမှာ X ပေါ်ကနေ ပို့စ်တင်ပြီး ဟာလေကို ပြောဆိုရာမှာ “အစ္စရေး စစ်ရာဇဝတ်မှုတွေကို ကျွန်မ နှစ်သက်အားရတယ်လို့တော့ လက်မှတ်မထိုးလိုက်ဘူး” လို့ အငေါ်တူးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ဟာလေက X ပေါ် ပို့စ်တစ်ခု တင် တုန့်ပြန်ခဲ့ရာမှာတော့ အစ္စရေးအနေနဲ့ မကောင်းဆိုးဝါးတွေရန်ကနေ သူ့ပြည်သူတွေကို ကာကွယ်ဖို့ရာ လိုအပ်ရင် ဘာမဆို လုပ်ရမှာပဲဖြစ်ကြောင်းဆိုခဲ့ပြီး အစ္စရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတွေကို တိုက်ခိုက်နေခြင်းဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here