ရွှေတောင်မြို့နယ်တွင် (၆) ဘီးကားဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
778

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် (၆) ဘီး မော်တော်ယာဉ်ဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ရန်ကုန် – ပြည်ကားလမ်း၊ ဆင်မကြပ်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မေလ (၂၈) ရက်၊ နံနက် (၁၀) နာရီခွဲအချိန်က ထွန်းထွန်းဝင်း မောင်းနှင်ပြီး ထင်ကျော်နှင့် ဟိန်းမင်းမင်း(ခ)မှန်လေးတို့ လိုက်ပါလာသည့် (၆) ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရာ ယာဉ်ပေါ်၌ အုတ်ခဲများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ကာလ တန်ဖိုးငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်အရ မေလ (၂၈) ရက်၊ ညနေ (၄) နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ယာဉ်ပိုင်ရှင် ကျော်စွာထွန်း၊ ထွန်းထွန်း(ခ)မောင်မောင် နှင့် ရန်နောင်ထွေး (ခ)နောင်နောင်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှ တဆင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့သို့ ဆက်လက်သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here