အီရန်သမ္မတဟောင်း အမာဒီနီဂျက် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်

0
241

အီရန်နိုင်ငံရဲ့ သဘောထားတင်းမာသော သမ္မတဟောင်းဖြစ်သူ မိုဟာမွတ် အမာဒီနီဂျက်ဟာ ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်လိုက်ကြောင်း နိုင်ငံပိုင် ရုပ်သံက တနင်္ဂနွေနေ့မှာ သတင်းဖော်ပြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လက ရဟတ်ယာဉ်ပျ-က်-ကျမှုကြောင့် သမ္မတ အီဘရာဟင် ရိုင်စီ ကွယ်လွန်ခဲ့အပြီး စီစဉ်လိုက်တဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

သို့ပေမယ့်လည်း သမ္မတကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်တဲ့ ဘာသာရေးခေါင်းဆောင်ဦးဆောင်သော အုပ်ချုပ်ရေးကောင်စီအနေနဲ့ သူ့ကို ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် တားမြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကောင်စီဟာ သမ္မတလောင်း အရည်အချင်းပြည့်မီသူတွေကို ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ အမာဒီနီဂျက်ဟာ ၂၀၀၅ ခုနှစ်မှာ အီရန်သမ္မတအဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာတော့ သမ္မတသက်တမ်း ကန့်သတ်ချက်ကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာ အုပ်ချုပ်ရေးကောင်စီက သူ့ကို ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်ခြင်းဟာ ၎င်းရဲ့ အကျိုးစီးပွားအတွက် မဟုတ်ကြောင်းနဲ့ တိုင်းပြည်အတွက်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီက သူ့ကို သတိပေးခဲ့အပြီး နောက်တစ်နှစ်မှာ ယင်းသို့ တားမြစ်ခံရတာဖြစ်ပါတယ်။

ခါမေနီရဲ့ အဆုံးစွန်သော အခွင့်အာဏာအပေါ် စစ်ဆေးသုံးသပ်မှုလုပ်ဖို့ အမာဒီနီဂျက်က အတိအလင်းပြောကြားခဲ့ပြီးနောက်မှာ ၎င်းတို့နှစ်ဦးအကြား အက်ကြောင်းဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ အမာဒီနီဂျက်က ခါမေနီအပေါ် ရှားရှားပါးပါး တိုက်ရိုက်ဝေဖန်မှုလုပ်ခဲ့ကာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here