လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံ ခွဲ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
265

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ပင်အုံကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ (၃၁) ရက်၊ နံနက် (၆) နာရီအချိန်က လုံချိန်ကျေးရွာဘက်မှ မိုင်းပွန်မြို့ဘက်သို့ ကျော်စိန် မောင်းနှင်လာသည့် FORD RANGER မော်တော်ယာဉ်နှင့် ထွန်းမြင့် မောင်းနှင်လာသည့် TOYOTA HILUX SURF မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ် (၂) စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၄၆) သိန်း သိမ်းဆည်းရမိခဲ့ပြီး ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ နံနက် (၆) နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ဝင်းရွှေအား မိုင်းပွန်မြို့၊ ဝမ်ဟွေရပ်တွင် VIGO မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ နံနက် (၇) နာရီအချိန် အိုက်လောင် အား မိုင်းပွန်မြို့၊ နားခိုင်ကျေးရွာ၊ လယ်တောရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၀) သိန်းနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ထံမှ စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၆) သိန်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here