ငွေစျေးနှင့် အခြားအလှုပ်အခတ်တစ်ခုခုဖြစ်တိုင်း စျေးတက်လေ့ရှိသည့် စားအုန်းဆီ

0
142

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဇွန် (၃) ရက်မှ (၉) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက် ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅၃၄၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ယခင်တစ်ပါတ်ထက် (၇၅) ကျပ် မြင့်တက်လာခြင်းဖြစ်သည်။

စီး/ကူးအနေဖြင့် ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် နယ်မြို့များရှိ ပြင်ပဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းများ မြင့်တက်နေပြီး ရန်ကုန်တွင် စားအုန်းဆီတစ်ပိဿာ ၈၀၀၀ ကျပ်ကျော် ၉၀၀၀ ကျပ်ဝန်းကျင် ရောင်းချလျက်ရှိကြောင်း သိရသည်။

အလားတူ အခြားတိုင်းနှင့် ပြည်နယ်များရှိ မြို့၊ ရွာများတွင် စားအုန်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေပြီး ဆက်လက်မြင့်တက်နိုင်ခြေရှိနေသေးကြောင်း ဒေသခံများက ဆိုသည်။

စားအုန်းဆီ အား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူသွားမည်ဟု စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အသိပေးထုတ်ပြန်ထားသော်လည်း ရွှေဈေး၊ ဒေါ်လာဈေးနှင့် အခြားအလှုပ်အခတ်တစ်ခုခုဖြစ်ပေါ်တိုင်း အဆမတန်မြင့်တက်လေ့ ရှိဆဲအခြေအနေ ဖြစ်သည်။

ယခင် ၇ လခန့်ဆီက စားအုန်းဆီ တပိသာ တစ်သောင်းဖြစ်လာခဲ့မှုအပေါ် စားအုန်းဆီ တင်သွင်းသူအချို့အားခေါ်ယူစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခဲ့မှုများရှိခဲ့သည်။

မည်ကဲ့သို့သို့ဖြေရှင်းမူက ရေရှည်အဖြေနိုင်မည်ကို အကျိုးစီးပွားပါဝင်ပတ်သက်သူများ၏ ရူ့ထောင့်စုံအမြင်ဆွေးနွေးဖလှယ်ခြင်းဖြင့်ရှာဖွေရမည်ဖြစ်ကြောင်း ကုန်သည်တစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here