အဂတိ လိုက်စားမှုများမှာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေပြီး ဘက်ပေါင်းစုံကို ယိုယွင်း ပျက်စီးစေနိုင်ကြောင်း လူကယ်ပြန် ဝန်ကြီး ပြောကြား

0
207

အဂတိလိုက်စားမှုများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေပြီး နိုင်ငံ၏ အုပ်ချုပ်ရေးယန္တယား၊ စီးပွားရေးလုပ်ငန်းများ အပါအဝင် ဘက်ပေါင်းစုံကို ယိုယွင်းပျက်စီးစေနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြောကြားလိုက်သည်။  

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းပြီး အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ဇွန်လ (၃)ရက် နံနက်ပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေပြီး နိုင်ငံ၏ အုပ်ချုပ်ရေးယန္တယား၊ စီးပွားရေးလုပ်ငန်းများ အပါအဝင် ဘက်ပေါင်းစုံကို ယိုယွင်းပျက်စီးစေနိုင်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အများစုတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ကျင့်သုံးလျက် ရှိသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ကျောသား ရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန်၊ စိတ်ကောင်းစေတနာကောင်းထားရှိရန်နှင့် မိမိတာဝန် မိမိကျေပွန်စွာ ထမ်းဆောင်ရန်၊ အဂတိ လိုက်စားမှုကို ရှောင်ကြဉ်ကြရန်လိုကြောင်း ဆက်လက်ပြောကြားသည်။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ကိုဖွဲ့စည်းပြီး အဂတိလိုက်စားမှုလျော့နည်း ပပျောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားသည်။ 

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိပတ်ဝန်းကျင်နှင့် မိမိအဖွဲ့အစည်းသို့ တဆင့်ပြန်လည် မျှဝေပေးကြရန်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် တိုက်တွန်းမှာကြားသည်။

ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာများ၊ ပိုင်ဆိုင်မှုကြေညာလွှာ စိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်သော်နိုင်က စုံစမ်းစစ်ဆေးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here