အစိုးရနှင့်အများ ပြည်သူအကျိုးစီးပွားထိခိုက်စေရန်ရည်ရွယ်၍ မကြာခဏရေးသားဖြန့်ဝေနေသော လူမှုကွန်ယက် စာမျက်နှာများကို ဝိုင်းဝန်းတိုက်ဖျက်ရန် ဗဟိုဘဏ်အသိပေး

0
591

အစိုးရနှင့်အများ ပြည်သူအကျိုးစီးပွားထိခိုက်စေရန်ရည်ရွယ်၍ မကြာခဏရေးသားဖြန့်ဝေနေသော လူမှုကွန်ယက် စာမျက်နှာများကို လက်ခံယုံကြည်ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ပြည်သူများက ဝိုင်းဝန်းတိုက်ဖျက်ရန် ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။

ထို့ပြင် ဘဏ်များသည်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုးလက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍ အတွက်ငွေကြေးထောက်ပံ့ခြင်း၊MSMEs လုပ်ငန်းများကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာ ဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ နိုင်ငံတော်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမားမီဒီယာများ နှင့်အဖျက်သမားအုပ်စုသည် Facebook Page များဖြစ်သော Yan Paing Soe ၊ Dean Kyne အပါအဝင် လူမှုကွန်ယက်စာမျက်နှာများတွင်မကြာခဏ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနှင့်ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုး လှုံဆော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရသည်။

ထိုသို့အဖျက်သမားများက အစိုးရနှင့်အများ ပြည်သူအကျိုးစီးပွားထိခိုက်စေရန်ရည်ရွယ်၍ မကြာခဏရေးသားဖြန့်ဝေနေသော လူမှုကွန်ယက် စာမျက်နှာများကို လက်ခံယုံကြည်ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ပြည်သူများက ဝိုင်းဝန်းတိုက်ဖျက်ရန်ဖြစ်ကြောင်း အသိပေးထားသည်။

သို့ပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှုများကို စိုးရိမ်စရာ မလိုဘဲ ဘဏ်များအပေါ်ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန် ရယူသုံးစွဲနိုင်ပါကြောင်း အသိပေး ကြေညာထားသည်။
 


LEAVE A REPLY

Please enter your comment!
Please enter your name here