မိုဒီနှင့်မဟာမိတ်များကို ဂျပန်နှင့်တရုတ်တို့ဂုဏ်ပြုစကားပြောကြား

0
296

ပေကျင်း၊ဇွန် ၅

အိန္ဒိယအထွေထွေရွေးကောက်ပွဲ၌ မိုဒီနှင့်မဟာမိတ်များကအနိုင်ရရှိခဲ့ပြီးနောက် တရုတ်နှင့်ဂျပန်တို့က ဇွန် ၅ ရက်တွင် ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ပေကျင်းကမူ ၎င်းသည် အိမ်နီးချင်းအိန္ဒိယနှင့် လက်တွဲအလုပ်လုပ်ရန် အဆင်သင့်ဖြစ်‌နေကြောင်းလည်းပြောကြားခဲ့သည်။

“ခိုင်မာပြီး တည်ငြိမ်တဲ့ တရုတ်-အိန္ဒိယ ဆက်ဆံရေးဟာ နှစ်ဖက်စလုံးရဲ့ဘုံအကျိုးစီးပွားအတွက်ဖြစ်ပြီး ဒေသတွင်းနဲ့ကမ္ဘာ့ငြိမ်းချမ်းရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မော်နင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိုဒီ၏ BJP ပါတီနှင့် ၎င်း၏ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDA) တို့ကိုလည်း တရုတ်က ချီးကျူးဂုဏ်ပြုလိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်မိုဒီနှင့်၎င်း၏ပါတီသည် အိန္ဒိယနိုင်ငံ၌ မဲအပြတ်အသတ်အနိုင်ရပြီး မိုဒီသည် ဝန်ကြီးချုပ်သက်တမ်း နှစ်ဆက်အထိရှိခဲ့သော်လည်း ယခုတစ်ကြိမ်၌မူ လွှတ်တော်၌ အမတ်နေရာလုံလုံလောက်လောက်မရရှိခဲ့သည့်အတွက် အစိုးရဖွဲ့နိုင်ရန် မဟာမိတ်များနှင့်ပူးပေါင်းရမည်ဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီဦးဆောင်မည့် အာဏာရညွန့်ပေါင်းအစိုးရကို ရွေးကောက်ပွဲအနိုင်ရ၍ ဂျပန်နိုင်ငံကလည်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။

အိန္ဒိယသည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကိုအကောင်အထည်ဖော်နိုင်ရန် အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး ဂျပန်-အိန္ဒိယ ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေမည်ဟုလည်းပြောကြားခဲ့သည်။

ဂျပန်နှင့် အိန္ဒိယတို့သည် အမေရိကနှင့်ဩစတေးလျတို့ ပါဝင်သည့် “Quad” အုပ်စု၏အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကာ အိန္ဒိယဝန်ကြီးချုပ်သည် အဖွဲ့၌မပါဝင်သော်လည်း ယမန်နှစ်က ဟီရိုရှီးမားတွင်ပြုလုပ်သည့် G7 ထိပ်သီးအစည်းအဝေးကိုလည်းတက်ရောက်ခဲ့သည်။

ယူကရိန်းသမ္မတဇလန်းစကီးကလည်း အိန္ဒိယဝန်ကြီးချုပ်မိုဒီဦးဆောင်မည့် ညွန့်ပေါင်းအစိုးရ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုကိုဂုဏ်ပြုစကားပြောကြားခဲ့သေးသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here