အရက်မူးနေသော ယာဉ်မောင်းများထံမှသိမ်းဆည်းရမိသည့်ကားများကို လတ်ဗီးယားက ယူကရိန်းသို့ပို့

0
280

ရီဂါ၊ဇွန် ၅

လတ်ဗီးယားနိုင်ငံ၌ အရက်သောက်ပြီးကားမောင်းသည့် ယာဉ်မောင်းများသည် မိမိစိတ်ဆန္ဒပါသည်ဖြစ်စေမပါသည်ဖြစ်စေ ယူကရိန်းစစ်အတွက် ယာဉ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့် အဓိကအရင်းအမြစ်များဖြစ်လာကြသည်။

အကြောင်းမှာ လတ်ဗီးယားအစိုးရသည် အရက်သောက်ပြီးယာဉ်မောင်းနှင်သည့် ယာဉ်မောင်းများထံမှ ကားများကိုသိမ်းဆည်းကာ ယူကရိန်းစစ်မြေပြင်၌အသုံးပြုနိုင်ရန် ပေးပို့ကူညီနေခဲ့ခြင်းကြောင့်ဖြစ်သည်။

မိမိတို့နိုင်ငံတွင်း၌အရက်မူးပြီး ကားမောင်းခြင်းကို တိုက်ဖျက်ရန်နှင့် ကိဗ်ကိုပါထောက်ပံ့နိုင်သည့်ကောင်းမွန်သော လှုပ်ရှားမှုတစ်ခုအနေဖြင့် လက်ဗီးယားအာဏာပိုင်များက သိမ်းဆည်းရမိယာဉ်များကို ယူကရိန်းစစ်တပ်ထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး အဆိုပါယာဉ်များအနက်အချို့မှာ ဒဏ်ရာရစစ်သားများကိုကယ်ထုတ်သည့်ကားများအဖြစ်သုံးကြသည်ဟုလည်းဆိုသည်။

“ကျွန်တော်တို့အပတ်စဉ် ကားအစီးရေ ၃၀ ကနေ ၄၀ အထိ ယူကရိန်းဆီ မောင်းပို့ပေးနိုင်ပါတယ်” ဟု ယူကရိန်းကို ယာဉ်‌လွှဲပြောင်းပေးနိုင်ရန် စေတနာအလျောက်မောင်းပို့ပေးနေသည့် စေတနာ့ဝန်ထမ်းတစ်ဦးကပြောကြားခဲ့သည်။

ထို့အပြင် ၎င်းတို့မောင်းပို့ပေးနေရသည့်ည့်ယာဉ်များအနက် အများစုကို အရက်မူးပြီးမောင်းနှင်သူများထံမှ သိမ်းဆည်းထားခြင်းဖြစ်သကဲ့သို့ အချို့သူများကမူ ၎င်းတို့၏ယာဉ်အဟောင်းများကို ယူကရိန်းအတွက် ပြန်လည်ပြုပြင်အသုံးပြုနိုင်ဖို့ စေတနာအလျောက်လာလှူသူများလည်းရှိသည်ဟု၎င်းကဆိုခဲ့သည်။

လက်ရှိအချိန်အထိ အဆိုပါစနစ်ဖြင့် ယူကရိန်းသို့ ယာဉ်အစီးရေစုစုပေါင်း ၁,၅၀၀ အထိပေးပို့ကူညီထားနိုင်ပြီဖြစ်ကြောင်းလည်းသိရှိရသည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here