မြောက်ကိုရီးယားရဲ့ အမှိုက်ထုပ် မိုးပျံပူဖောင်းအပြီး တောင်ကိုရီးယားဘက်က ဝါဒဖြန့် လက်ကမ်းစာစောင်ပါ မိုးပျံပူဖောင်းစေလွှတ်မှုတွေ ပြန်စ

0
249

တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူအုပ်စုတစ်ခုဟာ ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ပါဝင်တဲ့ ကြီးမားသော မိုးပျံပူးဖောင်းတွေကို မြောက်ကိုရီးယားဘက်သို့ ပို့လွှတ်ခဲ့တယ်လို့ ကြာသပတေး(ဇွန် ၆) နေ့မှာ ပြောဆိုပါတယ်။

ဒီလုပ်ရပ်မျိုးတွေ ဆက်လုပ်လာခဲ့ပါက အညစ်အကြေးတွေနဲ့ အမှိုက်သရိုက်တွေပါတဲ့ မိုးပျံပူဖောင်းတွေကို နယ်စပ်ဖြတ်ကျော် လွှတ်တင်မှု ထပ်လုပ်သွားမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားတယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ တင်းမာမှု ဖြေလျှော့ရေးဆိုင်ရာ သဘောတူညီချက်ကို ရပ်ဆိုင်းကာ နယ်စပ်လိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်စဖို့ ပြင်ဆင်နေမှုနဲ့အတူ မိုးပျံပူပေါင်း အပြန်အလှန်စေလွှတ်မှုတွေကြောင့် ရန်လိုမုန်းတီးမှုတွေ ပြင်းထန်လာနေပါတယ်။

မြောက်ကိုရီးယားက ၎င်းတို့ရဲ့ အမှိုက်ထုပ် မိုးပျံပူဖောင်းတွေ စေလွှတ်နေမှုကို ရပ်တန့်လိုက်ပေမယ့် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေဘက်က လက်ကမ်းစာစောင်ပို့လွှတ်မှုတွေ ပြန်လုပ်လာမယ်ဆိုပါက ဒီလုပ်ငန်းစဉ်ကို ပြန်စသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားမှ ဘက်ပြောင်းခိုလှုံသူ ပတ်ခ်ဆန်ဟက် ဦးဆောင်တဲ့ တောင်ကိုရီးယား အရပ်ဘက်အဖွဲ့တစ်ခုက ပြုံယမ်း ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ၊ ကေပေါ့ပ်သီချင်းတွေနဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွေထည့်သွင်းထားသော USB stick တွေအပြင် အမေရိကန် တစ်ဒေါ်လာတန် ငွေစက္ကူတွေ ပါဝင်တဲ့ မိုးပျံပူဖောင်း ၁၀ လုံးကို နယ်စပ်မြို့တစ်မြို့ကနေ လွှတ်တင်လိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပတ်ခ်ရဲ့ ကာလကြာရှည် မိုးပျံပူးဖောင်း စေလွှတ်မှုတွေကြောင့် ကင်ဂျုံအန်ရဲ့ အုပ်ချုပ်မှုကို ပျက်ပြားစေရေး ပြည်ပမှာ ကြိုးပမ်းချက်မှန်သမျှကို သတိကြီးကြီးထားစောင့်ကြည့်နေခဲ့တဲ့ မြောက်ကိုရီးယားဆီက ဒေါသတကြီး ကန့်ကွက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြောက်ကိုရီးယား မီဒီယာက ပတ်ခ်ကို လူ့အမှိုက်ကောင်အဖြစ်ပင် သုံးနှုန်းရှုတ်ချခဲ့ဖူးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ တောင်ကိုရီးယားဘက်ကို အမှိုက်ထုပ်တွေ ပါဝင်တဲ့ မိုးပျံပူဖောင်း ရာချီပြီး စတင်ပို့လွှတ်မှုလုပ်ခဲ့စဉ် ကင်ဂျုံအန်ရဲ့ သြဇာကြီး ညီမဖြစ်သူ ကင်ယိုဂျုံက ဒီလုပ်ဆောင်ချက်ဟာ တောင်ကိုရီးယားရဲ့ လက်ကမ်းစာစောင်တွေ ပို့လွှတ်မှုအပေါ် တန်ပြန်အရေးယူဆောင်ရွက်မယ့် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ရည်ရွယ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မေလအတွင်းက ပတ်ခ် လုပ်ဆောင်ခဲ့တဲ့ မိုးပျံပူဖောင်းစေလွှတ်မှုတွေကို ရည်ညွှန်းခဲ့တာဖြစ်တယ်လို့ လေ့လာသူတွေက ပြောဆိုခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here