လူဇင်ဘတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ လာရောက် လုပ်ကိုင်ရန် မြန်မာသံအမတ်ကြီး ဖိတ်ခေါ်

0
206

လူဇင်ဘတ် စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံတွင် အလုပ်သမားများ အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် GSP/ EBA အရ အကျုံးဝင်သည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း မြန်မာသံအမတ်ကြီးက ရှင်းလင်းပြောကြားလိုက်သည်။

လူဇင်ဘတ်မြို့ရှိ လူဇင်ဘတ်ကုန်သည်ကြီးများအသင်း (Luxembourg Chamber of Commerce) ရုံးချုပ်၌ “Connecting the dots for a sustainable future” ခေါင်းစဉ်ဖြင့် ဇွန်လ (၃)ရက်က (၄) ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနား (4th ASEAN Day 2024) ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်းအခမ်းအနားသို့ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နိုင်ငံများနှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်မှ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အာဆီယံ သံအမတ်ကြီးများက သက်ဆိုင်ရာနိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးကလည်း မြန်မာနိုင်ငံသည် အီးယူ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအခွန် ကင်းလွတ်ခွင့် အစီအစဉ် (GSP/ EBA Program) အောက်မှ ကုန်သွယ်မှုဆိုင်ရာ ကင်းလွတ်ခွင့်များ ရရှိလျက်ရှိကြောင်း ပြောကြားသည်။

ထို့ကြောင့် လူဇင်ဘတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများအနေ ဖြင့် မြန်မာနိုင်ငံတွင် အလုပ်သမားများအား အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် GSP/ EBA အရ အကျုံးဝင်သည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုများအား ဆောင်ရွက်နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ဖိတ်ခေါ် ရှင်းလင်းပြောကြားခဲ့သည်။

သံအမတ်ကြီးများ၏ ရှင်းလင်းပြောကြားမှု အပြီးတွင် သက်ဆိုင်ရာ အာဆီယံသံရုံး အသီးသီးမှ ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံများတွင် စီးပွားရေးလုပ်ကိုင်ရန် စိတ်ပါဝင်စားသည့် လူဇင်ဘတ် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များအကြား သီးခြားတွေ့ဆုံခဲ့ကြပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ လူဇင်ဘတ်နိုင်ငံ၏ အိမ်ရှေ့မင်းသား Prince Guillaume ကလည်း လူဇင်ဘတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် တက်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး Mr. Xavier Bettel၊ စီးပွားရေးနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများ၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး Mr. Lex Delles တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

လူဇင်ဘတ် အာဆီယံနေ့ အခမ်းအနားသည် လူဇင်ဘတ်နိုင်ငံခြားရေး၊ ဥရောပရေးရာနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနက လူဇင်ဘတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖလှယ်နိုင်ရန် လူဇင်ဘတ်ကုန်သည်ကြီးများအသင်းနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီတို့နှင့် (၂) နှစ် တစ်ကြိမ် ပူးပေါင်းကျင်းပသည့် အခမ်းအနား တစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here