ယူကရိန်းအရေး တင်းမာနေစဉ် ရုရှား စစ်သင်္ဘောတွေ စစ်ရေးလေ့ကျင့်မှုအတွက်ကာရေဘီယံပင်လယ်သို့ ဦးတည်ခုတ်မောင်းနေကြောင်း အမေရိကန် ပြောကြား

0
179

စစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် လာမယ့် သီတင်းပတ်တွေအတွင်း ကာရေဘီယံပင်လယ်ပြင်ဆီ ရောက်ရှိလာဖို့ မျှော်လင့်ရတဲ့ ရုရှား စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေကို အမေရိကန်က ခြေရာခံစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒါဟာ အနောက်နိုင်ငံတွေရဲ့ ယူကရိန်းအပေါ် စစ်ရေးအထောက် အကူပေးနေမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေစဉ် ရုရှားက အင်အားပြတဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်စစ်တပ်က စောင့်ကြည့်လျက်ရှိတဲ့ ယင်း စစ်ရေးလေ့ကျင့်မှုမှာ ရုရှား စစ်သင်္ဘော အနည်းငယ်နဲ့ ထောက်ပံ့ရေးသင်္ဘောတွေ ပါဝင်မှာဖြစ်တယ်လို့ အမေရိကန် အရာရှိနှစ်ဦးက ပြောဆိုပါတယ်။

ကာရေဘီယံပင်လယ်ပြင်ဆီ ရုရှားက စစ်သင်္ဘောတွေ စေလွှတ်တာဟာ ယခုအကြိမ်က ပထမဆုံးမဟုတ်ပါဘူး။ သို့ပေမယ့် ယခု စစ်ရေးလေ့ကျင့်မှုဟာ သမ္မတ ဗလာဒီမာပူတင်ရဲ့ အကြံပြုချက်အရ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို ကာကွယ်ဖို့အတွက် အမေရိကန်ထောက်ပံ့ထားတဲ့ လက်နက်တွေနဲ့ ရုရှားနယ်မြေအတွင်း ယူကရိန်းကို တိုက်ခိုက်ခွင့်ပေးခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို တုန့်ပြန်ခြင်းအဖြစ် ကမ္ဘာ့အခြားနေရာတွေမှာ အချိုးမညီတဲ့ အစီအမံတွေ လုပ်ဆောင်သွားနိုင်တယ်လို့ ပူတင်က ပြောဆိုထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ယူကရိန်းအတွက် အမေရိကန်ရဲ့ ပံ့ပိုးပေးမှုတွေအပေါ် ရုရှားက သိသိသာသာ တုန့်ပြန်ဆောင်ရွက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ သေချာကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ရုရှားအနေနဲ့ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သင်္ဘောများစွာ ဆုံးရှုံးမှုရှိခဲ့သည့်တိုင် သူ့ရဲ့ ရေတပ်ဟာ ကမ္ဘာအဆင့် စစ်ရေးစွမ်းပကားရှိနေဆဲဖြစ်တယ်ဆိုတာကို ပူတင်က ပြသဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ၎င်းတို့က ပြောဆိုခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here