ချမ်းအေးသာစံမြို့နယ်တွင် ဂတ်စ်ယိုစိမ့် မီးလောင်မှုမှ ဒဏ်ရာရရှိခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁)ဦး ထပ်မံ အသက်ဆုံးရှုံး၊ စုစုပေါင်း အသက်ဆုံးရှုံးသူ (၆) ဦး အထိရှိလာ

0
143

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ (၈၁) လမ်းနှင့် (၈၂) လမ်း၊ (၃၂) လမ်းနှင့် (၃၃) လမ်းကြားရှိ ဂိုဒေါင်ဝင်း မီးလောင်မှုအတွင်း ဒဏ်ရာရရှိခဲ့သော အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁)ဦး ယနေ့ ဇွန် (၇) ရက်၊ နံနက်ပိုင်းက ထပ်မံ၍ အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော အောင်နန်းရိပ်သာ အရှေ့အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ကိုတင့်ခိုင်မှာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာမှ ဇွန် (၇) ရက်၊ နံနက် (၃)နာရီအချိန်တွင် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ချမ်းအေးသာစံမြို့နယ်တွင် မေ (၃၁) ရက် နံနက် (၉) နာရီ၊ မိနစ် (၄၀)အချိန်ခန့်က ဂတ်(စ်)အိုးအကြီးမှ ဂတ်(စ်)ဘူး အသေးသို့ ဂတ်(စ်) ပြောင်းရွှေ့ထည့်သွင်းနေစဉ် ဂတ်(စ်)ယိုစိမ့်မှု ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုးသား (၁၃) ဦးနှင့် အမျိုးသမီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော်လည်း မီးလောင်ဒဏ်ရာပြင်းထန်မှုကြောင့် ဇွန်(၅)ရက် အထိ အသက်ဆုံးရှုံးသူ လက်ရှိတွင် (၆)ဦးအထိရှိလာနေပြီဖြစ်သည်။

ယင်းမီးလောင်မှုကြောင့် (၁၅ × ၃၀) ပေ နံကပ် (၂) ထပ် အဆောက်အဦ (၁) လုံး၊ (၄၀ x၂၅) ပေ နံကပ် (၁) ထပ် ဂိုဒေါင် (၁) လုံး၊ (၁၅ × ၃၀) ပေ သွပ်မိုး၊ ထရံကာ (၂)ထပ် အိမ်အပေါ်ထပ် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကို Level (2) အဆင့် ယာဉ်အုပ်စုဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀) နာရီ (၂၃) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသား နှစ်ဦးအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မ ရဲစခန်းမှ (ပ-၉၀/၂၀၂၄)၊ ပုဒ်မ (၂၈၅)၊ (၃၃၇/၃၃၈) ဖြင့် အမှုဖွင့် အရေးယူထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here