မြန်မာ − တရုတ် စီးပွားရေးစင်္ကြန် ပူးပေါင်း စီမံကိန်းများ အကောင်အထည်ဖော်ရေးဆွေနွေး

0
152

ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) အောက်ရှိ မြန်မာ − တရုတ် စီးပွားရေးစင်္ကြန်ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ အရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်စဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေး ဦးဆောင်သည့် အဖွဲ့ဝင် (၉) ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ပေကျင်းမြို့များသို့ မေ(၃၀) ရက်မှ ဇွန်(၅)ရက်အထိ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း မေ(၃၁) ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ်၊ နိုင်ငံခြားရေးရုံးမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Shaocheng နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ဇွန်(၃)ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liang Jianjun နှင့် တာဝန်ရှိသူများကလည်းကောင်း အသီးသီးလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ−တရုတ် နှစ်နိုင်ငံအကြားတည်ရှိပြီးဖြစ်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာ − ယူနန်  အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ယန္တရား ပြန်လည်ဖော်ဆောင်ရေး ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း (BRI) အောက်ရှိ မြန်မာ − တရုတ် စီးပွားရေးစင်္ကြန်ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး၊ ပြည်သူအချင်းချင်း ကူးလူး ဆက်ဆံမှု တိုးမြှင့်ဖော်ဆောင်ရေးနှင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တရုတ်နိုင်ငံမှ ဆက်လက်ကူညီပေးရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here