လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာ၌ သတ်မှတ်ရက်အတွင်း မပြီးစီးလျှင် ရက်တိုးကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ထားရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

0
189

လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း မပြီးစီးလျှင် ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ထားကြရန်လိုအပ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ဇွန် (၆) ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ချင်းတွင်းခန်းမ၌ ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည် ဖြစ်ရာ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ထားကြရန်လိုကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံ မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံ မေးခွန်း (၁၈)ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်း ကူညီနိုင်ရေး ပြည်သူလူထု အသိပညာပေး လုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူရေး လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံတို့က သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့် ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here