ရွှေ‌နှင့် ဒေါ်လာဈေးနှုန်းများကို ဆွဲတင်နေခြင်းသည် တိုင်းပြည် စီးပွားရေးကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌပြော

0
409

လက်ရှိဖြစ်ပေါ်နေသည့် ရွှေနှင့် ဒေါ်လာဈေးနှုန်းသည် မည်သို့မျှ မဖြစ်သင့်သည့်ဈေးနှုန်းဖြစ်ပြီး ယင်းသို့ ဖြစ်ရန် လုပ်ဆောင်နေမှုများသည် တိုင်းပြည်၏ စီးပွားရေး ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ယနေ့ ဇွန်လ (၇)ရက်တွင် ကျင်းပသည့် နစက အစည်းအဝေး (၃/၂၀၂၄) တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ ရွှေနှင့် ငွေကြေးဈေးနှုန်းများ တစ်စစမြင့်တက်ခဲ့ရာ မေလကုန်ပိုင်းတွင် ‌အခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း (၆၀) ဝန်းကျင်အထိ အဆမတန် မြင့်တက်သွားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်လာရခြင်းမှာ
ဝိသမ စီးပွားရေး သမားများ၏ ငွေကြေးတန်ဖိုးကမောက်ကမဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ရွှေနှင့်ငွေကြေးဈေးနှုန်းများ တဖြေးဖြေးကျဆင်း ကျဆင်းလာသည်ကို တွေ့ရကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ငွေကြေးတန်ဖိုး တက်ခြင်း၊ ကျခြင်းထက် တည်ငြိမ်ခိုင်မာနေရန်လိုအပ်သည်ဟု ယူဆကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကစားခြင်းများအပြင် တရားမဝင်ရရှိလာသည့် ငွေများဖြင့် ပြည်ပ၌ အိမ်ယာများ ဝယ်ယူနေကြသည်ကို တွေ့ရှိရသဖြင့် လိုအပ်သည့် စည်းကမ်းဥပဒေနှင့်အညီ စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားသွားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရွှေဈေးကွက်အတွင်း ဈေးနှုန်းများ အဆမတန်မြင့်တက်လာစေရန် ရည်ရွည်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ကြသည့် ရွှေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူနှင့် အချို့ကို ဖမ်းဆီးစစ်ဆေးခြင်း ၊ ဥပဒေအရ အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း နစက မှ သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ထို့ပြင် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်အချို့နှင့် ရွှေလုပ်ငန်း လုပ်ကိုင်သူ (၁၀) ဦး ဖမ်းဝရမ်းထုတ်ခြင်းလည်းထုတ်ဆောင်ခဲ့သည်။

အလားတူ ငွေဈေးနှုန်း ကမောက်ကမဖြစ်အောင် လုပ်ဆောင်သူများနှင့် ထိုင်းတွင် အိမ်ယာဝယ်ယူသူအချို့ကိုလည်း ဖမ်းဆီးခြင်း ဝရမ်းထုတ်ခြင်းများ လုပ်ဆောင်ခဲ့သေးသည်။

လက်ရှိတွင် ရွှေဈေးနှုန်းကို ရွှေအသင်းများမှ ထုတ်ပြန်သည့် တရားဝင်ရည်ညွှန်းဈေးများဖြင့်သာ ရောင်းဝယ်ကြရန် အသိပေးထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here