အနောက်အုပ်စုက မိမိ၏ပိုင်ဆိုင်မှုများကို ယူပါက ချက်ခြင်းလက်တုန့်ပြန်မည်ဟု ရုရှားကတိပြု

0
357

အနောက်နိုင်ငံများက ၎င်း၏ပိုင်ဆိုင်မှုများကို သိမ်းယူမှုကို လက်တုံ့ပြန်ရန် ရုရှားက စောင့်ဆိုင်းနေတော့မည်မဟုတ်ပဲ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တန်ပြန်အရေးယူမှုများဖြင့်လက်တုန့်ပြန်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) တွင် ပြောကြားလိုက်သည်။

“သူတို့က ရုရှားရဲ့ အရန်ငွေပမာဏကို ခွင့်ပြုချက်မရှိဘဲ သိမ်းယူဖို့ စီစဉ်နေပြီး၊ အဲဒီအရန်ငွေကြေးတွေဆီက ထပ်လောင်းရရှိတဲ့ ၀င်ငွေတွေကိုလဲ အနောက်နိုင်ငံတွေက ချက်ချင်း အိတ်ထဲထည့်ဖို့သာမက ရုရှားကို ဆန့်ကျင်တဲ့ တခြား စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေမှာလည်း သုံးစွဲဖို့ စီစဉ်နေပါတယ်။ ရုရှားရဲ့ အရန်ငွေတွေကို သိမ်းဖို့ ကြိုးပမ်းသူတွေကို ဆန့်ကျင်တဲ့ နိုင်ငံရေး၊ စီးပွားရေး တန်ပြန်မှု အမျိုးမျိုးကို စောင့်ဆိုင်းမနေပဲ အမြဲတမ်း လုပ်ဆောင်နေပါတယ်။ အဲဒီ လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဥပဒေအခြေခံ မရှိပါဘူး။ လုံးလုံးလျားလျား ခိုးမှုဖြစ်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

မေလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန်၏ ဖော်ရွေမှုမရှိသော လုပ်ရပ်ကြောင့် ရုရှားနှင့် ၎င်း၏ဗဟိုဘဏ်အား ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရေး အမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း Zakharova က မှတ်ချက်ပြုခဲ့သည်။ “ဥရောပ အပါအဝင် တခြားနိုင်ငံတွေမှာလည်း အလားတူ ယန္တရားတွေကို အသုံးချနိုင်တယ်။ အမှန်တော့ သူတို့ရဲ့ ပိုင်ဆိုင်မှုနဲ့ ရင်းနှီးမြှုပ်နှံထားမှုတွေဟာ အမေရိကန်ထက် ရုရှားမှာ အများကြီး ပိုများတယ်။ ဒါ့အပြင် အမေရိကန်နဲ့ EU တို့ဟာ ယုံကြည်စိတ်ချရတယ်လို့ ယူဆလို့ မရတော့ဘူးဆိုတာကလဲ ခိုင်မာနေပြီးသားပါ”ဟုလည်း သူမက ထပ်လောင်းပြောသည်။

စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ကို ဇွန်လ ၅ ရက်မှ ၈ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “များပြားလှသော ကမ္ဘာ၏ အုတ်မြစ်အဖြစ် ကြီးထွားမှု ဧရိယာသစ်များ ဖွဲ့စည်းခြင်း” ဖြစ်သည်။ ဖိုရမ် အစီအစဉ်များတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အစည်းအဝေးများ၊ တီထွင်ဖန်တီးမှုလုပ်ငန်းများ၊ SPIEF လူငယ်နေ့၊ မူးယစ်ဆေးဝါးလုံခြုံရေး၊ SPIEF Academy နှင့် SPIEF Junior ဖိုရမ်များ ပါဝင်ပါသည်။ SPIEF ကို Roscongress ဖောင်ဒေးရှင်းမှ စီစဉ်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here