ဒုတိယအကြိမ် နိုင်ငံတကာဗုဒ္ဓညီလာခံတက်ရောက်ရေး၊ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်နိုင်ရေး၊အမျိုးသား စာကြည့်တိုက်များပူးပေါင်းဆောင်ရွက်ရေးတို့ဆွေးနွေး

0
209

ရန်ကုန်မြို့တွင် ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်း စတင်တည်ဆောက်နိုင်ရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးမည့် ကိစ္စနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskander Azizov တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဇွန် (၇)ရက် နံနက် (၁၀) နာရီခွဲတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးယားပြည်နယ်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် နိုင်ငံတကာဗုဒ္ဓညီလာခံ “ Traditional Buddhism and Modern Challenges” သို့ မြန်မာနိုင်ငံမှ သံဃာတော် များနှင့် လူပုဂ္ဂိုလ်များ ပါဝင်တက်ရောက်နိုင်ရေး ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင် တည်ဆောက်မည့် ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်း စတင်တည်ဆောက်နိုင်ရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးမည့်ကိစ္စ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသား စာကြည့်တိုက်တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်လက်မှတ်ရေးထိုးမည့်ကိစ္စတို့လည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ရှေးဟောင်းသုတေသနဆိုင်ရာ ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည့် နည်းပညာ အကူအညီများ ပေးအပ်နိုင်ရေး၊ အနုပညာအစီအစဉ်များ၊ စာကြည့်တိုက်ထိန်းသိမ်းသည့် နည်းပညာဖလှယ်မှုများ ဆက်လက် ပူးပေါင်းမည့်ကိစ္စ၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေတည်၍ နောင်လာမည့် အနာဂတ်ကာလများတွင် သာသနာရေးနှင့်ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here