ထိုင်းနိုင်ငံရောက် MOU လုပ်သားများ ဘဏ်စာရင်းအလွဲသုံးစားပြုခံရပါက အကူအညီတောင်းခံနိုင်ဟု မြန်မာသံရုံးထုတ်ပြန်

0
252

ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် MOU လုပ်သားများအနေဖြင့် ဘဏ်စာရင်းအလွဲသုံးစားပြုခံရပါက အကူအညီတောင်းခံနိုင်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော MOU မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် MOU ကုမ္ပဏီများမှ စီစဉ်ပေးသည့်ဘဏ်များ၌ ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ဘဏ်စာအုပ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရသည်။

ထိုသို့ ဘဏ်စာအုပ်ပြုလုပ်ချိန်တွင် မြန်မာလုပ်သားအချို့မှာ ဘဏ်လုပ်ငန်းစဉ်များနှင့် မရင်းနှီးသည့်အတွက် MOU ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ရခြင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်အား ကိုယ်စားလှယ်အချို့မှ ထိန်းသိမ်းထားခြင်းတို့ကို ကြုံတွေ့ခဲ့ကြရကြောင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်များသည် Online မှ တစ်ဆင့် လောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချ လိုသူများထံ မြန်မာလုပ်သားများ၏ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်များကို အခကြေးငွေရယူပြီး ပေးအပ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယခုအခါ ဤဘဏ်စာရင်းများတွင် ငွေကြေးဝင်/ထွက်မှုများခြင်း၊ စုဆောင်းငွေများပြားခြင်း စသည့် မသင်္ကာဖြစ်ဖွယ်ကိစ္စများကြောင့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့အစည်းများမှ ဘဏ်စာရင်းစာအုပ်ပိုင်ရှင် မြန်မာလုပ်သားများကို ဆင့်ခေါ် ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ်ထောင်တွင် ချုပ်နှောင်ထားခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်း စသည့်ဖြစ်စဉ်များ တွေ့ကြုံနေရသဖြင့် ဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ချုပ်နှောင်ခြင်း တွေ့ကြုံပါက အောက်ပါစာရွက်စာတမ်းများကို ကိုယ်တိုင်၊ သို့မဟုတ် မိတ်ဆွေတို့မှ ယူဆောင်၍ မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိရုံးသို့ လာရောက်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။

ဆင့်ခေါ်ဝရမ်းထုတ်ခံရသူ၊ သို့မဟုတ် ချုပ်နှောင်ခံထားရသူ၏ နိုင်ငံကူး လက်မှတ် မိတ္တူ (ဓါတ်ပုံပါ)(ခ) တယ်လီဖုန်းနံပါတ် (ဂ) စာရင်းဖွင့်ခဲ့သော ဘဏ်အမည်နှင့် နယ်မြေ(ဃ) ဘဏ်စာရင်းဖွင့်ရာတွင် လိုက်ပါဆောင်ရွက်ခဲ့သူ (ဓါတ်ပုံမှတ်တမ်းရှိပါက ယူဆောင်လာရန်)အသိပေးထားသည်။

ထို့ပြင် မြန်မာလုပ်သားများအနေဖြင့် ဘဏ်စာရင်း၊ ဘဏ်စာအုပ်နှင့် PIN နံပါတ်များကို မိမိ တစ်ဦးတည်း၊ သို့မဟုတ် မိသားစုထံတွင် သိမ်းဆည်းထားရန်လည်း အကြံပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here