ပုဂံဒေသရှိ ရှေးဟောင်းရေစီးလမ်းကြောင်းများ ပြုပြင်ထိန်းသိမ်းရာတွင် ဝန်ကြီးဌာနများပေါင်းလုပ်မည်

0
113

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ရှေးဟောင်းရေစီးလမ်းကြောင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရာတွင် ဒေသခံပြည်သူလူထုကို အကျိုးပြုသည့် ကန်များကို ဦးစားပေး လုပ်ဆောင်ရန်နှင့် ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားလိုက်သည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ရှေးဟောင်းရေစီးလမ်းကြောင်းများ ပြန်လည် ပြုပြင်ထိန်းသိမ်းရာတွင် အလယ်ရေလမ်းကြောင်း (၁)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူမည်ဖြစ်ပြီး မြကန်ဘက်မှ ကြည့်လျင် ညာဘက်ရှိ ရေလမ်းကြောင်း(၂)ကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ကာ ဘယ်ဘက်ခြမ်းရှိ ရေလမ်းကြောင်း (၃)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေလမ်းကြောင်းများကို ဧရာဝတီမြစ်ဘက်မှစတင် ၍ ဦးစားပေးရှင်းလင်းရန် လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရန်၊ ရေလမ်းကြောင်း (၃) ခုနှင့် ချိတ်ဆက်နေသည့် ကန်များကို ဦးစားပေးပြုပြင်မွမ်းမံရန် ချိတ်ဆက်မှု မရှိသော ရေကန်များအနက် ဒေသခံပြည်သူလူထုကို အကျိုးပြုသည့်ကန်များကို ဦးစားပေး ဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှု မရှိအောင် သတ်မှတ်စံချိန်စံညွှန်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည့်အတွက် ကန့်သတ်ချက်၊စည်းကမ်းချက်များနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သာမန်ရေကန်ဆယ်ခြင်းနှင့် ရေစီးရေလာကောင်းအောင် သဘာဝအကွေ့အကောက်၊ ချောင်းရိုး၊ ရေစီးကြောင်းများအတိုင်း ချဲ့ထွင်ခြင်းများကိုသာ ဆောင်ရွက်ရသည့်အတွက် တတ်အားသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မိမိတို့ဝန်ကြီးဌာနကို သတ်မှတ်ပေးထားသော ကန်တူး ဖော်ခြင်း၊ စူးစမ်းလေ့လာခြင်းနှင့် ရေလမ်းကြောင်းဆောင်ရွက်ခြင်းကိစ္စများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတ်မှတ်ထားသော Guideline နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ မြကန်အား ရေဝင်အားကောင်းစေရန် ရေထိန်းသိမ်းမှုအပြည့်အဝရစေရန် အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ စက်ယန္တရားဖြင့် လုပ်ဆောင်ရာတွင် ရှေးဟောင်းဆိုင်ရာ ကန့်သတ်မှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနဘက်မှ အသေးစိတ်အကြံပြုဆွေးနွေးရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

ယင်း‌နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းနေမှုနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here