မြဝတီမြို့ ရေပူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်ခိုလှုံနေသော ဒေသခံစစ်ရှောင် (၁,၀၀၀)ခန့် နေရပ်မပြန်နိုင်သေးဟုဆို

0
145

မြဝတီမြို့၊ ရေပူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသော ဒေသခံစစ်ရှောင်(၁,၀၀၀)ခန့်မှာ နေရပ်သို့ မပြန်နိုင်သေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ရှောင်များမှာ နေရပ်ပြန် စစ်ရှောင်များအနက် ကျန်ရှိနေသည့် စစ်ရှောင်များဖြစ်ကာ ဘုန်းကြီးကျောင်းအတွင်း နေထိုင်ခွင့်မပြုတော့ဘဲ အနီးပတ်ဝန်းကျင်ရှိ မြေလွတ်များတွင် ယာယီတဲများထိုးကာ နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။

” ရေပူ ဘုန်းကြီးကျောင်းအတွင်းတော့ နေခွင့်မပြုတော့ဘူး။ ဘုန်းကြီးကျောင်း အပြင်ဘက်မြေလွတ်နေရာမှာ တဲထိုးနေခွင့်ပြုထားတယ်။ လိုအပ်တဲ့ ဝါးတို့ အမိုးအကာတွေကတော့ ကျောင်းကထောက်ပံ့ပေးတယ်။ အစားအသောက်ကလည်း အလှူရှင်လာတဲ့ အပေါ်မူတည်ပြီး ပြန်ထောက်ပံ့တာမျိုး လုပ်ပေးနေတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ နေရပ်သို့မပြန်နိုင်သည့် စစ်ရှောင်များမှာ သင်္ဃန်းညီနောင်တံတားတစ်ဘက်ခြမ်းရှိ KNU ထိန်းချုပ်ထားသည့် နေရာများမှ ဒေသခံအများစုဖြစ်ကြောင်း သိရသည်။

‌ယခင်က နေရပ်ပြန်ကြသည့် ဒေသခံစစ်ရှောင်များမှာ သင်္ဃန်းညီနောင်တံတား တစ်ဘက်ခြမ်း(ရဲစခန်းဘက်)ရှိ ရွာသစ်၊နှင့် မြို့သစ်တို့ရှိ ဒေသခံများဖြစ်သည်။

လတ်တလောတွင် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ရံဖန်ရံခါမျှသာ ပစ်ခတ်သံကြားရပြီး စစ်ရေးငြိမ်သက်နေကြောင်း ဆိုသည်။

ယခုနှစ် မတ်လ (၇)ရက်မှစတင်ကာ ကရင်ပြည်နယ် သင်္ဃန်းညီနောင်ကျေးရွာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် သင်္ဃန်းညီနောင် မြို့သစ်‌ကျေးရွာအပါအဝင် မြစန္ဒီ ၊ ရွာသစ်၊ ရှမ်းစု ၊ မဲကနယ် ၊ မြေနီကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူထောင်နှင့်ချီ၍ မြဝတီမြိုနှင့် ရေပူကျေးရွာရှိ ဘုန်းကြီး‌ကျောင်းများတွင် ခိုလှုံနေကြရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here