ခွင့်ပြန်အလုပ်သမားများ ငွေလွှဲပို့အထောက်အထားပြနိုင်မှာသာ OWIC ကတ်ထုတ်ပေးမည်

0
126

ခွင့်ပြန်အလုပ်သမားများ အနေဖြင့် လက်ရှိဘဏ်အကောင့်ထဲ ပြည်ပမှလွှဲပို့လာသည့်ငွေ အထောက်အထားပြနိုင်မှသာ OWIC ထုတ်ပေးခြင်းကို လက်ခံဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ အသိပေးထားသည်။

မိသားစုထံ ပြည်ပမှ တရားဝင်လွှဲထားခြင်းမရှိသူများအနေဖြင့် International money transfer များဖြစ်သည့် Western Union ၊ IME ၊ RIA ၊ Money Gram စသည့် တရားဝင်ငွေလွှဲလုပ်ငန်းများမှ မိမိထံ ပြည်ပရှိ အလုပ်ရှင် သို့မဟုတ် မိတ်ဆွေတဦးဦးမှ တရားဝင်ငွေလွှဲထားသည့် အထောက်အထားပြနိုင်ပါက ရနိုင်ကြောင်း သိရသည်။

ယခုလိုလွှဲပို့ရာတွင် ဥပမာအနေဖြင့် ထိုင်းပြန်ဆိုပါက လစာ ကျပ် (၈) သိန်းရပါက လစာ၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် တလလွှဲပို့ရမည့် ငွေပမာဏ (၂) သိန်းဖြစ်ပြီး (၈) သိန်းလွှဲထားပါက (၄) လစာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

“အလုပ်ရှင်ဆီကနေ ငွေလွှဲပို့ခိုင်းဖို့ဆိုတာလည်း တော်တော်မဖြစ်နိုင်တဲ့ ကိစ္စ၊ အရမ်းယုံကြည်နေတဲ့ သူဆိုရင်တောင် မလွယ်လောက်ဘူး။ မိတ်ဆွေတွေဆီ အကူအညီတောင်းဖို့ဆိုတာကလည်း အဆင်ပြေနေဦးမှ၊ လုပ်နိုင်တဲ့နည်းလမ်းက ကိုယ်ကသူတို့ဆီ အရင်လွှဲပြီးမှ သူတို့ကို ပြန်လွှဲခိုင်းရမယ့်သဘော။ အဲဒီတော့ ဘာထူးမှာလဲ။ သက်သက် အလုပ်ရှုပ်အောင်လုပ်သလိုပဲ”ဟု OWIC ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် ခွင့်ပြန်အလုပ်သမားတဦးက ပြောသည်။

အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ်(PJ) ကိုင်ဆောင်ထားသူများကို OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွာခွင့်ပြုထားခြင်းဖြစ်ပြီး ပြည်ပ၌ ဝင်ငွေမဆောင်ခဲ့သူများအနေဖြင့် အင်းစိန်၊ ကမာရွတ်၊ မြောက်ဒဂုံ စသည့် နီးစပ်ရာ အခွန်ရုံးများထံ အခွန်ဆောင်နိုင်ကြောင်း အသိပေးထားသည်။

ထို့ပြင် အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ် (PJ) ကိုင်ထားသူများကို ဇွန် (၆) ရက်ကစပြီး အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ပြောင်းလဲလျှောက်ထားခွင့် ရပ်ဆိုင်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here