ငွေကြေးတတ်နိုင်သူများစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

0
107

ငွေကြေးအရင်းအနှီး တတ်နိုင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်လာမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၄) ကို ဇွန်လ (၇)ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် Normal Trade ဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးဖြင့် ဆောင်ရွက်သည်ဖြစ်စေ မိမိတို့အနေဖြင့် ပြည်ပသို့ တင်ပို့နိုင်သည့် ကုန်ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်သကဲ့သို့ သီးထပ်စွမ်းအားများ တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍသည် များစွာတိုးတက်လာမည်ဖြစ်ပြီး ပို့ကုန်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်းလည်း၎င်းကဆိုသည်။

ထို့ကြောင့် ကောင်စီဝင်များ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧက ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် ထွက်ရှိစေရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ငွေကြေးအရင်းအနှီး တတ်နိုင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါကလည်း နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်မည်ဖြစ်ကြောင်း၊ အသားစားကြက်၊ ဥစားကြက်၊ အသားစားနွား၊ နို့စားနွား၊ အသားတိုး ဝက်နှင့် ဆိတ် မွေးမြူရေးလုပ်ငန်းများသည်လည်း အမြတ်အစွန်းရသည့် လုပ်ငန်းများဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်းလည်း ထပ်ဆင့်ပြောကြားသွားသည်။

ငွေကြေးတတ်နိုင်သူများအနေဖြင့် အကျိုးအမြတ်မြိုးမြိုးမြက်မြက်ရသည့် လုပ်ငန်းများကိုသာ အားသန်ကြပြီး ၎င်းတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် ပါဝင်ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ စီးပွားရေးအတွက် အထောက်အကူပြုမည့်အပြင် ပုဂ္ဂလိကအကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here