ဒေါနတောင်လမ်းဟောင်း တောင်ပြိုကျသည့် ဖြစ်စဉ်ကြောင့် ယာဉ်ရာနှင့်ချီ ပိတ်ဆို့မှုဖြစ်ပွားနေ

0
291

ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ်သို့ သွားလာနိုင်သည့် ဒေါနတောင်တက် လမ်းပိုင်းတွင် ယမန်နေ့ ဇွန် (၈)ရက် ညပိုင်းက တောင်ပြိုကျသည့် ဖြစ်စဉ်ကြောင့် ယာဉ်များရာနှင့်ချီပိတ်ဆို့နေကြောင်း လမ်းပိုင်းပိတ်ဆို့သည့် နေရာအတွင်းရောက်ရှိနေသော ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

ယခု ဇွန်အတွင်း မိုးရက်ဆက်ရွာသွန်းမှုများကြောင့် ဒေါနတောင်တက်လမ်းပိုင်းရှိ အလယ်ဗိုလ်တဲအပါအဝင် နေရာ (၃)နေရာတွင် တောင်ပြိုကျမှု ဖြစ်စဉ်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

” ကား‌ပိတ်နေတာ သုံးလေးရာလောက်ရှိတယ်။ အလယ်ဗိုလ်တဲ့ရယ်၊ မြဝတီဘက်က တက်ရင် တံတားကျိုးနေရာရယ် ၊အခြားနေရာတစ်ခုရယ်မှာ တောင်ပြိုနေတာ။ ကုန်ကားတွေရော အိမ်စီးကားတွေရော ပိတ်နေတယ်။ ဟိုဘက်ဒီဘက် တက်ခွင့်မပေးဘူး၊ ပိတ်ထားပြီ။ လမ်းပိုင်းမှာရောက်နေတဲ့ကားတွေကို အရင်ရှင်းထုတ်မယ့် သဘောရှိတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြေတူးစက်များဖြင့် ပြိုကျသည့်နေရာရှိ မြေသားများကို သက်ဆိုင်ရာအဖွဲ့များက ရှင်းလင်းနေကြောင်း သိရသည်။

ဒေသတွင်းမိုးရွာသွန်းမှုများကြောင့် မြဝတီမြို့သို့သွားလာနိုင်သည့် ထို့ကော်ကိုး လမ်းပိုင်းအပါအဝင် နယ်ခြားစောင့်တပ်(၁၀၁၈) တပ်က ဖောက်လုပ်ပေးထားသည့် လမ်းပိုင်း ‌(ဒေသအခေါ် (၁၈)လမ်း)နှင့် သက္ကတေရွာဘက်မှဖောက်လုပ်ထားသည့် လမ်းပိုင်း(ဒေသအခေါ် ကြက်ဥတောင်လမ်း) တို့မှာ တောင်တက်တောင်ဆင်းလမ်းဖြစ်သည်နှင့်အညီ လမ်းချော်နေသောကြောင့် နယ်စပ်ဒေသကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် ဒေါနတောင်တက်လမ်းဟောင်းကို ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။

ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်တွင် ယမန်နှစ် ဒီဇင်ဘာလ (၁) ရက်မှစတင်ကာ KNLA၊ PDF ပူးပေါင်းတပ်များနှင့် တပ်မတော်တို့အကြား ယနေ့အချိန်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့်အာရှလမ်းမကြီးအား ယာယီပိတ်ထားရဆဲဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here