အသား၊ငါးနှင့် ရာသီသီးနှံထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

0
113

အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ က ပြောသည်။

ယမန်နေ့ ဇွန် (၈)ရက်က သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌက ပြောကြားရာတွင် စိုက်ပျိုးမွေးမြူရေးဇုန်များအတွင်း မြေအသုံးချမှုများကို အကျိုးရှိရှိအသုံးနိုင်ရန် လိုကြောင်း၊ ပဲခူးမြစ်ကူးတံတား သန်လျင်တံတား အမှတ် (၃) ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်၍ သန်လျင်ဒေသသည် ယခင်ကထက်များစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန် လိုသကဲ့သို့ အထွက်နှုန်းများ တိုးမြင့်လာစေရေး အတွက်လည်း စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန်များ ဖော်ဆောင်ခြင်းမှာ အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ၊ စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန် ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ က ထပ်မံ ပြောကြားခဲ့သည်။

ထို့ပြင် စိုက်ပျိုးမွေးမြူရေးဇုန်များမှ ထွက်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူ လူထုတို့၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှသာ ဈေးနှုန်းသက်သာမည်ဖြစ်သည့်အတွက် မြို့တော် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းစစ်ဌာနချုပ် သက်သာချောင်ချိရေး အရောင်းဆိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်နေရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်တွင်းစားသုံးမှု ဖူလုံအောင်ထုတ်လုပ်နိုင်ပြီးပါက ထပ်မံတိုးချဲ့ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများသို့လည်း အေးခဲ အသား၊ ငါးများ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံအများအပြားတွင် အသား၊ ငါး နှင့် စိုက်ပျိုးရေးထွက်ကုန်သီးနှံ လိုအပ်ချက်မြင့်မားလျက်ရှိသောကြောင့် ပြည်တွင်းစားသုံးသူလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပြီး ပြည်ပသို့ အရည်အသွေးပြည့်မီသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here