ဖားကန့်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ဖမ်းဆီးပြီး ဘိန်းခန်းများကို မီးရှို့ဖျက်ဆီး

0
130

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၂)အတွင်းရှိ မူးယစ်ဆေးသုံးစွဲသူများကို ယမန်နေ့ ဇွန် (၈)ရက် နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး ဘိန်းခန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးအရေးယူမှုအား ဖားကန့်မြို့နယ်၊ ဆိုင်းဇွပ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် ဒေသတွင်းတာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ (၁၀၀)ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုအား သုံးနာရီကြာ ရှောင်တခင်ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများကို ဒေသတွင်း မူးယစ်ဆေးဝါး ပြုပြင်ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်သွားမည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ပြုပြင်ထိန်းသိမ်းရေး စခန်းတွေဆီ ပို့မယ်လို့ သိရတယ်။ ဖားကန့်ဒေသကလည်း ဒီလိုမှမနှိမ်နင်းရင် မရတော့ဘူး။ သူတို့တွေကြောင့် ဓာတ်တိုင်က ဝါယာကြိုးတောင်မကျန် ခိုးတာ၊ အချင်းချင်းသ–တ်ဖြ–တ်နေကြတာတောင်ရှိတယ်။ အဓိက သုံးစွဲသူထက် ရောင်းချသူကို များများဖမ်းနိုင်မှ မူးယစ်ဆေးဝါးကင်းတဲ့ နယ်မြေဖြစ်မှာ”ဟု ၎င်းကဆိုသည်။

ယခုနှစ်အတွင်း ဖားကန့်ဒေသ၌ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် လောင်းကစားဝိုင်းများ ယခင်ကထက် ပိုမိုများပြားလာသည့်အပြင် ခိုးမှု ၊ လုယက်မှုနှင့် ဆေးဝါးသုံးစွဲသူ အချင်းချင်းသ–တ်ဖြ–တ်ခြင်းများကိုပါ ဖြစ်ပွားလျှက်ရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here