မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်သို့ အမှိုက်ထုပ် မိုးပျံပူဖောင်းတွေ ပို့လွှတ်မှု ပြန်စ

0
676

အိမ်နီးချင်း နှစ်နိုင်ငံအကြား မိုးပျံပူဖောင်းတွေ ဘတစ်ပြန် ကျားတစ်ပြန် ပို့လွှတ်နေမှု အရှိန်မြင့်တက်လာခြင်းအဖြစ် မြောက်ကိုရီးယားဟာ အမှိုက်ထုပ်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်း ရာနဲ့ချီကို နယ်စပ်ဖြတ်ပြီး ထပ်မံ ပို့လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က တနင်္ဂနွေနေ့(ဇွန် ၉) မှာ ပြောဆိုပါတယ်။

စနေနေ့ညပိုင်းကစလို့ ဝေဟင်ကနေ ထိုးနှက်တိုက်ခိုက်တာတွေ တကျော့ပြန်စလာတာဖြစ်ပြီး အမှိုက်ထုပ် ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်း ခန့်မှန်းခြေ ၃၃၀ လောက်ကို ပြုံယမ်းဘက်က စေလွှတ်ခဲ့တယ်လို့ ဆိုးလ်ရှိ တောင်ကိုရီးယားစစ်တပ်က ပြောဆိုခဲ့ပါတယ်။

လက်ရှိအထိ မိမိတို့နယ်မြေအတွင်း ကျရောက်ခဲ့တဲ့ မိုးပျံပူဖောင်း ၈၀ လောက်ရှိနေပြီး ဝေဟင်မှာ ဘယ်လောက်ရှိဦးမယ်ဆိုတာ လောလောဆယ်မှာ မသိရသေးကြောင်း ပူးတွဲစစ်ဦးစီးများရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။ မိမိတို့ ခွဲခြမ်းစိတ်ဖြာခဲ့မှုအရ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းမျိုး မပါရှိတာကို တွေ့ရပြီး ယခု နောက်ဆုံးအသုတ် မိုးပျံပူဖောင်းတွေမှာ တစ်ခါသုံး စက္ကူတွေနဲ့ ပလပ်စတစ်အမှိုက်တွေ ပါဝင်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဆိုးလ်မြို့တော် အစိုးရနဲ့ Gyeonggi ပြည်နယ်ဝန်းကျင်ရှိ တာဝန်ရှိသူတွေဟာ ယင်း မိုးပျံပူဖောင်းတွေနဲ့ ပတ်သက်ပြီး စနေန့မှာ ဒေသခံတွေဆီ စာတိုပေးပို့ သတိပေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားဟာ မိမိတို့ အရပ်ဘက်ဧရိယာတွေဆီကို အဆင့်မရှိတဲ့ ရန်စမှုတွေ ထပ်လုပ်လာနေတယ်လို့ ဆိုးလ်မြို့တော်ဝန် အိုဆီးဟွန်းက ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေဟာ ကေပေါ့ပ်သီချင်းတွေ၊ ဒေါ်လာ ငွေစက္ကူတွေနဲ့ ကင်ဂျုံအန်ဆန့်ကျင်ရေး ဝါဒဖြန့်ချီ စာတမ်းတွေပါဝင်တဲ့ မိုးပျံပူဖောင်း ဒါဇင်နဲ့ချီကို မြောက်ဘက်သို့ စေလွှတ်ခဲ့တာကြောင့် ပြုံယမ်းကို ဒေါသတွက်စေခဲ့ပါတယ်။

Ref: HT


LEAVE A REPLY

Please enter your comment!
Please enter your name here