လက်ကမ်းစာစောင်နဲ့ လော်စပီကာ ဝါဒဖြန့်မှုတွေအတွက် တုန့်ပြန်မှုအသစ် ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားကို ကင်ဂျုံအန်ရဲ့ ညီမ သတိပေး

0
109

တင်းမာမှုတွေပေါ်ပေါက်နေစဉ် လော်စပီကာ ထုတ်လွှင့်မှုတွေ၊ လက်ကမ်းစာစောင် ပို့လွှတ်မှုတွေ တောင်ပိုင်းက ဆက်လုပ်နေဦးမယ်ဆိုရင် တောင်ကိုရီးယားဟာ တုန့်ပြန်မှုအသစ်တွေ ရင်ဆိုင်ရမှာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီး ညီမဖြစ်သူက သတိပေးလိုက်ပါတယ်။

“ကိုရီးယားသမ္မတနိုင်ငံ(ROK) က လက်ကမ်းစာစောင် ပို့လွှတ်ကြဲဖြန့်တာတွေ၊ လော်စပီကာ ထုတ်လွှင့်တာတွေ နယ်စပ်မှာ တပြိုင်နက်လုပ်လာခဲ့မယ်ဆိုရင် ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ (DPRK) ရဲ့ တန်ပြန်ဆောင်ရွက်ချက်သစ်တွေ မျက်ဝါးထင်ထင် ကြုံတွေ့ရမယ်ဆိုတာ သံသယမရှိပါနဲ့”လို့ ကင်ယိုဂျုံက တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ တရားဝင်အမည်တွေကိုသုံးကာ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တယ်လို့ KCNA သတင်းဋ္ဌာနက ဖော်ပြပါတယ်။

တောင်ကိုရီးယားဘက်ကို အမှိုက်ထုပ် မိုးပျံပူဖောင်းတွေ ပို့လွှတ်နေမှု ရပ်တန့်ဖို့ သတိပေးတောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ မြောက်ပိုင်းကို မျက်နှာမူပြီး လော်စပီကာ ထုတ်လွှင့်တာတွေ ပြန်လုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောဆိုပါတယ်။

“ဒီလုပ်ရပ်က အရမ်းအန္တရာယ်များတဲ့ အခြေအနေတစ်ရပ်ရဲ့ နိမိတ်ပုံတစ်ခုပါ” လို့ အာဏာရ အလုပ်သမားပါတီရဲ့ ဒုဋ္ဌာန ညွှန်ကြားရေးမှူးဖြစ်သူ ကင်က တောင်ပိုင်းရဲ့ လော်စပီကာ ထုတ်လွှင့်ချက်တွေကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အမှိုက်ထုပ်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်း ၃၃၀ ခန့်ကို စနေနေ့မှာ ပြန်စလွှတ်တင်ခဲ့ပြီးနောက် စိတ်ဓါတ်ရေးရာ စစ်ပွဲပုံစံတစ်ခုအဖြစ် လော်စပီကာထုတ်လွှင့်တာတွေ ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ မိုးပျံပူဖောင်း ၈၀ ခန့် မိမိတို့ နယ်နိမိတ်အတွင်း ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောဆိုပါတယ်။

ပြုံယမ်းဟာ နယ်စပ်ဖြတ်ကျော် မိုးပျံပူဖောင်း ပို့လွှတ်မှုတွေကို မေလအတွင်းက စတင်ခဲ့တာဖြစ်ပြီး ဒါဟာ တောင်ကိုရီးယား တက်ကြွလုပ်ရှားသူတွေရဲ့ မြောက်ပိုင်းဆန့်ကျင် ဝါဒဖြန့်အစီအမံတစ်ရပ်ဖြစ်တဲ့ လက်ကမ်းစာစောင်ပို့လွှတ်တာတွေကို လက်တုန့်ပြန်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မိုးပျံပူဖောင်းတွေနဲ့ လက်ကမ်းစာစောင်ကြဲဖြန့်မှုတွေ၊ လော်စပီကာ ထုတ်လွှင့်မှုတွေအပေါ် ဒေါသတကြီး တုန့်ပြန်မှုအချို့ လုပ်ဆောင်ခဲ့ဖူးပြီး မိုးပျံပူဖောင်းတွေနဲ့ လော်စပီကာတွေကို လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here