ထိုင်းနိုင်ငံသားတွေအကြား စိတ်ကျန်းမာရေးပြဿနာတွေ မြင့်တက်နေဟု ဆို

0
291

ထိုင်းနိုင်ငံမှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ မြင့်တက်နေပြီး ယင်းဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကုသမှုခံယူလိုသူ အရေအတွက်ဟာ ၂၀၁၅ ခုနှစ်မှာ ၁.၃ သန်းရှိခဲ့ရာမှာ ၂၀၂၃ ခုနှစ်မှာ ၂.၉ သန်းအထိ ရှိလာခဲ့တယ်လို့ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(NESDC) ရဲ့ အဆိုအရ သိရပါတယ်။

စိတ်ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့ခံစားနေရတဲ့ ထိုင်းပြည်သူ အရေအတွက်ဟာ ကမ္ဘာလုံးဆိုင်ရာ ပျှမ်းမျှနှုန်းထားထက် ကျော်လွန်နေကာ လူဦးရေ ၁၀ သန်းလောက်အထိ ရှိနေပြီး ဒါဟာ ကုသမှု မခံယူရသေးသူ များစွာရှိနေတယ်ဆိုတာကို ညွှန်ပြနေပါတယ်။

စိတ်ကျန်းမာရေးဋ္ဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်အကြား ကောက်ယူခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး NESDC က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ခန့်မှန်းခြေအားဖြင့် ထိုင်း လူဦးရေရဲ့ ၁၅.၄၈ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမိတွေ ကြုံတွေ့ခံစားနေကြရပြီး ၁၇.၂၀ ရာခိုင်နှုန်းက စိတ်ကျဝေဒနာ လက္ခဏာတွေပြသနေကာ ၁၀.၆၃ ရာခိုင်နှုန်းကတော့ သေကြောင်းကြံလောက်တဲ့ စိတ်ကူးပေါက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေအရ မကြာသေးခင်နှစ်များအတွင်း ဆိုးရွားလာတဲ့ အခြေအနေတွေကို ဖော်ပြနေပါတယ်။

စိတ်ကျန်းမာရေး ပြဿနာတွေဟာ လူတစ်ဦးချင်းစီပေါ်ကို ထိခိုက်စေရုံသာမက စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ရဲ့ အဆိုအရ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ ကမ္ဘာတစ်ဝန်း နှစ်စဉ် အလုပ်ချိန် ၁၂ ဘီလီယံခန့်ကို ဆုံးရှုံးစေကာ ခန့်မှန်းခြေ စီးပွားရေးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁ ထရီလီယံရှိတယ်လို့ ဆိုပါတယ်။

စိတ်ကျန်းမာရေး ပြဿနာရှိသူ ငါးဦးမှာ တစ်ဦးနီးပါးဟာ ၎င်းတို့ကိုယ်ကို ဂရုမစိုက်နိုင်ဘဲ ၎င်းတို့ ပြုစုစောင့်ရှောက်ပေးရမယ့် အိမ်ထောင်စုတွေအပေါ် တင်းမာမှုတွေဖြစ်စေကာ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးမှုဖြစ်စေတယ်လို့ ဆိုပါတယ်။

စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ဖိအားတွေဟာ ထိုင်းလူမျိုးတွေအကြား စိတ်ကျရောဂါနဲ့ စိုးရိမ်သောကများရတဲ့ ဝေဒနာတွေကို ဖြစ်ပေါ်စေပါတယ်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်မှာ ထိုသို့သော ရောဂါရှိသူတွေရဲ့ အချိုးအစားဟာ သိသိသာသာ မြင့်မားခဲ့ပြီး မူးယစ်ဆေးအလွဲသုံးမှုကြောင့် ဖြစ်ရတဲ့ စိတ်ဝေဒနာခံစားရသူ အရေအတွက်ထက် ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနှစ်အတွင်း သတ်သေမှုနှုန်းဟာ လူ ၁ သိန်းမှာ ၇.၉၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဒါဟာ လူ ၁ သိန်းမှာ ၈.၉ ရာခိုင်နှုန်း သတ်သေမှုဖြစ်ခဲ့တဲ့ Tom Yum Kung ဘဏ္ဍာရေးအကျပ်အတည်းကာလမှာ ကြုံတွေ့ခဲ့ရသော အဆင့်ကို ချဉ်းကပ်လာတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

သဘာဝတ်ဝန်းကျင်ဆိုင်ရာ အချင်းအရာတွေဟာလည်း စိတ်ကျန်းမာရေးကိစ္စမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ လေထုညစ်ညမ်းမှု အမြင့်ဆုံးပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အဆိုပါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ရာ များစွာ နိုးနိုးကြားကြားရှိနေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here