လေးကေ့ကော် စစ်ရှောင်အိမ်ထောင်စု (၁၂၀) စားနပ်ရိက္ခာအခက်အခဲများဖြစ်ပေါ်နေဟုဆို

0
216

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ လေးကေ့ကော်မြို့သစ် နှင့် မယ်ဝါးခီးကျေးရွာရှိ ဒေသခံ စစ်ရှောင်ပြည်သူ အိမ်ထောင်စု (၁၂၀)ရှိ လူဦးရေ (၃၀၀)ကျော်မှာ စားနပ်ရိက္ခာအတွက် အခက်အခဲများဖြစ်ပေါ်နေပြီး စားသောက်ရေးအတွက် အရေးတကြီး လိုအပ်နေကြောင်း မယ်ထော်သလေး စစ်ရှောင် စခန်းတာဝန်ခံ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ မယ်ထော်သလေး စစ်ရှောင်စခန်းတွင် ခိုလှုံနေကြသည့် ဒေသခံများမှာ လေးကေ့ကော်မြို့သစ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် မယ်ဝါးခီးကျေးရွာမှ ဒေသခံပြည်သူအများစု ခိုလှုံနေထိုင်သည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းဒေသအတွင်း တိုက်ပွဲများ မဖြစ်ပွားသည်မှာ သုံးလနီးပါးကြာမြင့်နေပြီ ဖြစ်သော်လည်း စစ်ရှောင်များနေရပ်သို့မပြန်နိုင်သေးဘဲ အလုပ်အကိုင်မရှိခြင်းကြောင့် စားသောက်ရေးအခက်အခဲအား အဓိက ရင်ဆိုင်နေကြရကြောင်း သိရသည်။

ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများသည် လေးကေ့ကော်မြို့သစ် ပတ်ဝန်းကျင်အနီး ရှိနေခြင်းကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ကာ နေရပ်မပြန်ရဲကြသည့် အခြေအနေဖြစ်ကြောင်း ဆိုသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း တစ်ခါမှ လာလှူတာမရှိဘူး။ မိုးတွင်းလည်းရောက်လာပြီ။ စစ်ရှောင်စခန်းဆိုတော့ အလုပ်အကိုင်လည်းမရှိတော့ အချို့မိသားစုဝင်တွေက က-လေ-းငယ်တင် ခြောက်ယောက်လောက်ရှိနေတော့ စားသောက်ရေးခက်ခဲ နေကြတာပေါ့။ နေထိုင်ဖို့ကတော့ စခန်းကနေ သူတို့တွေကို တဲတွေ အမိုးအကာတွေ လုပ်ပေးထားလို့ အဆင်ပြေပါတယ်။ အဓိက ကတော့ စားသောက်ရေး အတွက်အတော်ခက်ခဲနေကြတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ လေးကေ့ကော်မြို့သစ်အတွင်း တပ်မတော်မဟုတ်သည့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အချို့ တပ်စွဲထားသည်ဟု ၎င်းအနေဖြင့် သိရှိထားရပြီး၊ ဒေသခံ ပြည်သူလူထု၏ နေအိမ်များအတွင်းရှိ ပစ္စည်းများ ပျောက်ဆုံးခြင်း ပျက်ဆီးခြင်းများ ရှိနေကြောင်း ဆိုသည်။

“တိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘဲ အခုလို့ ကြန့်ကြာနေတော့ ပြည်သူတွေ အရမ်းဒုက္ခရောက်တာပေါ့။ ကိုယ့်အိမ် လည်း ကိုယ်ပြန်မနေရဘူး။ ပွင့်လင်းရာသီဆိုလည်း တစ်မျိုးပေါ့။ အခုမိုးတွင်းဆိုတော့ နေရေးထိုင်ရေး အရမ်း ဒုက္ခရောက်တာ။ ပြည်သူတွေကထွက်ပြေးနေရတော့ အရမ်းဒုက္ခ ရောက်တာ။ ပစ္စည်းတွေပျောက်ဆုံးတာတွေလည်းရှိနေတယ်။ ဒါက သိပ်တော့မကောင်းဘူးပေါ့” ဟု ၎င်းက ဖြည့်စွက် ရှင်းပြသည်။

ဓာတ်ပုံ – မယ်ထော်သလေး စစ်ရှောင်စခန်းရှိ ဒေသခံစစ်ရှောင်ပြည်သူများအား တွေ့ရစဉ်(ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here