ရုရှားနဲ့ ဘီလာရုစ်တို့ နည်းဗျူမြောက် နျူကလီးယား စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့် စတင်

0
163

သမ္မတ ဗလာဒီမာပူတင်ရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ဖြန့်ကျက်မှု လက်တွေ့လေ့ကျင့်ရေး ညွှန်ကြားချက်အရ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်မှာ ၎င်းတို့စစ်တပ်က ပါဝင်ဆောင်ရွက်နေတယ်လို့ ဘီလာရုစ်က တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

လေ့ကျင့်မှု ပထမအဆင့်ကိုတော့ ရုရှားနိုင်ငံ တောင်ပိုင်းမှာ ပြီးခဲ့တဲ့လက လုပ်ဆောင်ထားခဲ့ပြီး ဒီလေ့ကျင့်မှုတွေဟာ ယူကရိန်းစစ်ပွဲမှာ အနောက်နိုင်ငံတွေ ပိုပြီး နက်ရှိုင်းစွာ ပါဝင်လာမှာကို အဟန့်လုပ်တဲ့အနေနဲ့ ပူတင်က သတိပေးအချက်ပြခြင်းဖြစ်တယ်လို့ နျူကလီးယားအရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွင် တုန့်ပြန်ရေး လက်နက်များ အသုံးပြုခြင်းမှာ မိမိတို့ရဲ့ အသင့်ဖြစ်မှုကို မြှင့်တင်တဲ့ လေ့ကျင့်မှုတစ်ရပ်ဖြစ်တယ်လို့ ဘီလာရုစ် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ခါရီနင်က ပြောဆိုပါတယ်။

ရုရှားနဲ့ ဘီလာရုစ်အကြား ပြည်ထောင်စုနိုင်ငံတော်နဲ့ မိမိတို့ နှစ်နိုင်ငံလုံးအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို ယခင်ထက် ပိုပြီး တုန့်ပြန်ဆောင်ရွက်သွားဖို့ မိမိတို့ ဆုံးဖြတ်ထားကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို ဘယ်နေရာမှာ လုပ်ဆောင်နေတယ် သို့မဟုတ် ဘယ်လို လက်နက်အမျိုးအစားတွေ ပါဝင်တယ်ဆိုတာကိုတော့ သူက ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဘီလာရုစ်ဟာ နေတိုးအဖွဲ့ဝင် သုံးနိုင်ငံဖြစ်တဲ့ ပိုလန်၊ လစ်သူရေးနီးယား၊ လတ်ဗီးယားတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

မိမိတို့ဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေမှာ တင်းမာမှုတွေ ပေါ်ပေါက်အောင် ဖန်တီးဖို့ ရည်ရွယ်ချက်မရှိသလို တတိယနိုင်ငံတွေနဲ့ အခြားမည်သူ့ကိုမျှ စစ်ရေးခြိမ်းခြောက်မှုတွေ စီမံချက်ချလုပ်ဆောင်တာ မရှိကြောင်း ခါရီနင်က ဆက်လက် ပြောဆိုခဲ့ပါတယ်။

မိမိတို့ဟာ ငြိမ်းချမ်းသော နိုင်ငံတစ်ခုဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှခြိမ်းခြောက်တာ သို့မဟုတ် ထိပ်တိုက်တွေ့ဖို့ ကြိုးစားတာမျိုး မရှိကြောင်း သို့ပေမယ့် အနာဂတ်ဖြစ်နိုင်ခြေတွေအတွက် မိမိတို့ဟာ အသင့်ပြင်ထားမှာဖြစ်ကြောင်းလည်း သူက ဆိုခဲ့ပါတယ်။

ရုရှားရဲ့ နည်းဗျူဟာမြောက် နျူလက်နက်အချို့ကို ဘီလာရုစ်နိုင်ငံသို့ ရွှေ့ပြောင်းထားမှာဖြစ်ကြောင်း ပူတင်နဲ့ ဘီလာရုစ်ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုတို့က ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့ကြပါတယ်။

ဒီလက်နက်တွေဟာ ရန်သူရဲ့ မြို့ကြီးတွေကို အလုံးစုံ ချေမှုန်းပစ်နိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတဲ့ မဟာဗျူဟာမြောက် တာဝေးပစ်လက်နက်မျိုးတွေတော့ မဟုတ်ဘဲ စစ်မြေပြင်မှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတဲ့ ထိပ်ဖူးတွေဖြစ်တယ်လို့ သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here