ရွှေတိဂုံစေတီတော်မြတ်ကြီး ဖူးမြော်ချိန်အား ည ၁၀ နာရီထိတိုးမြှင့်ထား

0
272

ရွှေတိဂုံစေတီတော်မြတ်ကြီး ဖူးမြော်ချိန်အားနံနက် လေးနာရီမှ ည ၁၀ နာရီထိတိုးမြှင့်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများစိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဇွန် ၂၁ ရက်မှစ၍ နံနက် ၀၄ ၀၀ နာရီ မှ ည ၂၂ ၀၀ နာရီအထိ အချိန် တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကြောင်း အသိပေးကြေညာထားသည်။

ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက်မှုသည်ပုံမှန်ရုံးဖွင့်ရက်များ၌ ပြည်တွင်းခရီးသွား ဧည့်သည် တစ်ရက်လျှင် ၂၀၀၀၀ ဝန်းကျင် လာရောက်ကြပြီး စနေ၊ တနင်္ဂနွေနေ့များတွင် တစ်ရက်လျှင် ၄၀၀၀၀ မှ ၅၀၀၀၀ ဝန်းကျင်အထိ လာရောက်ဖူးမြော်ကြကြောင်း၊ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုသည် တစ်ရက်လျှင် ၁၅၀ မှ ၂၀၀ ကြား လာရောက်ကြပြီး တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများ အများဆုံး လာရောက်ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလများတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ခွင့် ခေတ္တပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်မှ စတင်ကာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်က ဘုရားဖူးမြော်ချိန်ကို နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ခွင့်ပြုပေးခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်မှစတင်ကာ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးများတွင် နံနက် ၅ နာရီမှ ည ၇ နာရီအထိ ဘုရားဖူးချိန် တိုးမြှင့်ခွင့်ပြု ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ရပ်နီးရပ်ဝေးမှဘုရားဖူးများ အဆင်ပြေစေရန် ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်မှစတင်၍ နံနက် ၅ နာရီမှ ည၈ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးချိန် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ ဖူးမြော်ချိန်အားနံနက် လေးနာရီမှ ည ၁၀ နာရီထိတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here