မန္တလေး ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် အကျဉ်းသား (၁၆)ဦးရှိ ဂုဏ်ထူးရသူ(၄)ဦးပါဝင်

0
216

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်မှ ဝင်ရောက် ဖြေဆိုသူများအနက် (၁၆) ဦးအောင်မြင်ကာ ဂုဏ်ထူးရသူ (၄) ဦးရှိကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်မှ စာမေးပွဲ အောင်မြင်သူ (၁၆) ဦး ရှိသည့်အနက် (၂) ဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၃) ဦးလည်း ပါဝင်ကြောင်း လူ့အခွင့်ရေး ကော်မရှင်က အသိပေးထားသည်။

ထို့ပြင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းနှင့် လူငယ်သင်တန်းကျောင်းများမှ လူငယ်သင်တန်းသား (၈) ဦးနှင့် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ သင်တန်းသား (၂) ဦးလည်း ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၇) ဦးရှိရာ အားလုံး ရာနှုန်းပြည့်အောင်မြင်ပြီး (၁) ဦးမှာ (၄) ဘာသာ ဂုဏ်ထူးရရှိကာ ဝိဇ္ဇာတွဲဖြင့် တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရန်ကုန်နှင့် မန္တလေး ဗဟိုအကျဉ်းထောင်တို့မှ အောင်မြင်သူ စုစုပေါင်း(၂၃) ဦး ရှိသည့်အနက် ဂုဏ်ထူးထွက်သူ (၁၀) ဦး ရှိခဲ့ပြီး တစ်ဦးမှာ နိုင်ငံအဆင့် တတိယ အမှတ်များဆုံးရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄ခုနှစ်၊ ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာနကျောင်းများ၌ ဇွန်လ (၁၁) ရက် နံနက် (၆) နာရီတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here