တရုတ်နှင့်ရေကြောင်းအငြင်းပွားမှုများကို ကောင်းမွန်စွာဖြေရှင်းလိုဟု ဗီယက်နမ်သမ္မတဆို

0
243

ဟနွိုင်း၊ဇွန် ၁၁

ဗီယက်နမ်သမ္မတက တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှုများကို ကောင်းမွန်စွာကိုင်တွယ်စီမံခန့်ခွဲကာ နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားများကို လေးစားလိုက်နာရန် အရေးကြီးကြောင်း ဟနွိုင်းရှိ တရုတ်သံအမတ်ကြီး ရှောင်ဘို ကို ဇွန်လ ၁၁ ရက်နေ့ကပြောကြားခဲ့သည်ဟုသိရသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သော်လည်း အိမ်နီးချင်းနှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ ရေပိုင်နက်အငြင်းပွားမှုတွင် နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်နေခဲ့သည့်နိုင်ငံများဖြစ်သည်။

နိုင်ငံများအနေဖြင့် ဥပဒေ နှင့်ညီသော နှစ်ဘက်အကျိုးစီးပွားများကို လေးစားရန်လိုအပ်ကြောင်း ဟနွိုင်းတွင် ကျင်းပသည့်အစည်းအဝေးတွင် ဗီယက်နမ်သမ္မတကပြောကြားခဲ့ပြီး နှစ်ဘက်စလုံးအနေဖြင့် နိုင်ငံတကာဥပဒေနှင့်အညီ ကျေနပ်လောက်သည့် အဖြေများကို တက်ကြွစွာရှာဖွေရန် လိုအပ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ဗီယက်နမ်၏သီးသန့်စီးပွားရေးဇုန်တွင် တရုတ် ၏ ရေအောက် တိုင်းတာရေး သင်္ဘောတစ်စင်း ရှိနေသည့်အတွက် အလွန်စိုးရိမ်မိကြောင်းလည်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အင်္ဂါနေ့ကပြုလုပ်ခဲ့သည့် နှစ်နိုင်ငံတွေ့ဆုံမှုတွင် ဗီယက်နမ်သမ္မတလမ်က တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု၊ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းသည် ဗီယက်နမ်၏ မဟာဗျူဟာရွေးချယ်မှုနှင့်နိုင်ငံခြားရေးမူဝါဒများတွင် ဦးစားပေးဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ဗီယက်နမ်နှင့်တရုတ်တို့သည် ဒီဇင်ဘာလက တရုတ်သမ္မတရှီ၏ ဟနွိုင်းမြို့ခရီးစဉ်အတွင်း၌လည်း မီးရထားလမ်းများအပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့သည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here