တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသား/သူများ ပညာဆက်သင်လိုပါက ပညာရေးဝန်ကြီးဌာနကပံ့ပိုးမည်

0
99

အကျဥ်းသားတစ်ဦးမှာ လေးဘာသာဂုဏ်ထူးနှင့် ရမှတ် (၄၉၈) မှတ်ရပြီး တစ်နိုင်ငံလုံး တတိယ ရ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေ‌ဆိုအောင်မြင်ခဲ့သည့် အကျဉ်းသား/သူများအနေဖြင့် ပညာဆက်လက်သင်ကြားလိုပါက ပညာရေးဝန်ကြီးဌာနက ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ယနေ့တွင် ဖြေကြားထားသည်။

သို့သော် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသား/သူများအား ပြစ်ဒဏ်ဖြေလျှော့ပေးမည်မဟုတ်ဘဲ ဆက်လက်ပညာသင်ကြားလိုသူများကို ပညာရေးဝန်ကြီးဌာနက ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြစ်ဒဏ်ဖြေလျှော့ပေးခြင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ၎င်းတို့၏ ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို မီဒီယာများက နစက သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းခဲ့ရာ အကျဉ်းဦးစီးဌာနမှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အကျဉ်းသားပြစ်ဒဏ်ဖြေလျော့ခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ- ၄၀၁ တွင် ဖော်ပြသည့်အတိုင်းသာ ဖြစ်ပါတယ်။ ဌာနရည်မှန်းချက်တွင် အသက်မွေးဝမ်းကျောင်း ပညာနှင့် စာပေပညာများ လေ့ကျင့်သင်ကြားပေးရေးဟုပါရှိပါတယ်။ ပညာဆက်လက်သင်ကြားလိုသူများကို ပညာရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးပါတယ်။ အ ခက်အခဲမရှိပါကြောင်း ဖြေကြားအပ်ပါသည်ခင်ဗျာ” ဟု အကျဉ်းဦးစီးဌာနက ပြန်လည်ဖြေကြားထားသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၇) ဦးစလုံး အောင်မြင်ခဲ့ကာ ရာနှုန်းပြည့် ဂုဏ်ထူးထွက်ရှိခဲ့သည့်အပြင် အကျဉ်းသား မောင်ကျော်လင်းခင်သည် သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ လေးဘာသာဂုဏ်ထူးနှင့် ရမှတ် (၄၉၈) မှတ်ရပြီး တစ်နိုင်ငံလုံး တတိယ ရခဲ့သည်။

အလားတူ မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၁၇)ဦးဖြေဆိုခဲ့ရာ (၁)ဦးသာ ကျရှုံးခဲ့ပြီး (၁၆) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here