ယခုနှစ်တွင် မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၁၀)ဦးသာရှိပြီး အောင်ချက်ကျဆင်းဟုဆို

0
150

ယခု ၂၀၂၄ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၁၀)ဦးသာရှိခဲ့ပြီး အောင်ချက်ကျဆင်းခဲ့ကြောင်း မွန်ပညာရေးကော်မတီ သင်ရိုးနှင့် သုတေသနဌာနရှိ ဆရာနိုင်ဇေက ပေါ်ပြူလာနယူးစ်သို့‌ပြော သည်။

ယခုနှစ်အတွင်း မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ (၉၁)ဦးရှိသည့်အနက် (၁၀)ဦးသာ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ရေး စာစစ်ဌာနက ဝင်ဖြေတဲ့ ကလေးတွေလည်း အောင်ချက်ကျတယ်။ ဒီမှာက ပဋိပက္ခ နယ်မြေဆိုတော့ ဟိုနားပစ်ပြန်၊ ဒီနား ကွဲပြန်နဲ့ အခြေအနေမျိုးလေ။ ပြီးတော့လည်း သင်ကြားရေး ဆရာတွေကလည်း မတည်ငြိမ်ဘူး။ ကျောင်းသားတွေကလည်း သင်ကြားမှုပိုင်းမှာ မထိရောက်ခဲ့ဘူး။ (၁၂) တန်းကို စဖြေတော့ အခက်အခဲလည်းဖြစ်ခဲ့ကြတယ်။ ဝေးလံခေါင်ဖျားနေရာဖြစ်တော့ ပိုဆိုးတာပေါ့” ဟု ၎င်း ကပြောသည်။

ယခုနှစ် မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၁၀)ဦးမှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစားအထက်တန်းကျောင်းမှ အောင်မြင်သူ (၂)ဦး၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကပါကျောင်းမှ (၆)ဦး၊ ရေးမြို့နယ်၊ အံဒင်းကျေးရွာရှိ အထက်တန်းကျောင်းမှ (၂)ဦး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းများမှ ဝင်ရောက်ဖြေဆိုသူများအနက် အောင်မြင်သူ (၄၆) ဦး အထိရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် မွန်အမျိုးသားကျောင်းများအပါအဝင် မွန်ပြည်သစ်ပါတီဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားရှိ မွန်ပညာရေးကောလိပ်တို့ ဖွင့်လှစ်နေပြီး ကျောင်းတက်ရောက်သူစာရင်းအား ဇွန်လကုန်ပိုင်းမှသာ အတိအကျ သိရှိနိုင်မည်ဟုဆိုသည်။

” ကျောင်းက အပ်ခံနေတုန်းဆိုတော့ တက်ရောက်တဲ့ ဦးရေ အတိအကျ မသိရသေးဘူး၊ ဇွန်လကုန်လောက်မှသိရမယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၂၈,၈၂၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၇၄၅၉ ၂)ဦး အောင်မြင်ခဲ့ပြီး (၅၇ ဒသမ ၉၀) ရာခိုင်နှုန်း အောင်မြင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here