မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း တစ်ရာခိုင်နှုန်းအထိသာရှိမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

0
255

နိုင်ငံရေးအကျပ်အတည်းများကြောင့် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ် မတ်လအထိ ၁ ရာခိုင်နှုန်းအထိသာရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဇွန်လ (၁၂) ရက်ထုတ်အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ၂၀၂၄ မတ်လအထိ မြန်မာ့ GDP တိုးတက်မှု ၁ ရာခိုင်နှုန်းခဲ့ရှိပြီး လက်ရှိကာလတွင် ၂ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသော်လည်း ယခုအခါ ၁ ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့လျှော့ချရသည့်အကြောင်းရင်းမှာ စားသောက်ကုန်နှင့် လောင်စာဆီဈေးများ မြင့်မားခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ နိုင်ငံခြားငွေနည်းပါးခြင်း၊ လုပ်သားရှားပါးလာခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

” မြန်မာ့ အိမ်ထောင်စုများအတွက် သက်သာရာရမှု အနည်းငယ်သာရှိပြီး စီးပွားရေးအလားအလာ အလွန်အားနည်းနေသေးတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မာရီယမ်ရှာမန်က ပြောသည်။

ထို့ပြင် ပြည်တွင်းပဋိပက္ခကြောင့် ပုဂ္ဂလိကစားသုံးမှုနှင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိသည့်အပြင် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးအပြင် ပြည်တွင်းကုန်စည်စီးဆင်းမူကွင်းဆက်များတွင်လည်း အနှောက်အယှက်များ ဆက်ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၃၂.၁ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရသော်လည်း ၂၀၁၅ ခုနှစ်တွင် နောက်ဆုံးတွေ့ခဲ့ရသည့် အဆင့်ကို ပြောင်းပြန်သွားနေကြောင်း အစီရင်ခံစာအရ သိရသည်။

လက်ရှိတွင် ပြည်တွင်း၏ ကုန်ဈေးနှုန်းသည် ဆက်တိုက်မြင့်တက်လာပြီး ယင်းဒဏ်ကို အခြေခံလက်လုပ်လက်စားများ၊ စက်မှုဇုန်အလုပ်သမားများ ခံစားနေရကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။

‌ဈေးကွက်အတွင်း စားအုန်းဆီတစ်ပိသာ ၁၂၀၀၀၊ ကန်စွန်းရွက်တစ်စည်း ၇၀၀၊ ကြက်ဥတစ်လုံး ၃၅၀၊ ဘဲဥတစ်လုံး ၄၀၀၊ ဝက်သားတစ်ပိဿာ ၂၅၀၀၀ အစရှိသဖြင့် မြင့်တက်နေပြီး ဆန်ဈေးနှုန်းများမှာလည်း မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here