ခြံအမှတ် (၅၄) အမွေဆိုင် အမှုကို ရုံးချိန်းပြန်ခေါ်မည်

0
163

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အတွက် လေလံစျေး ပြင်ဆင်နိုင်ရန်အတွက် ရုံးချိန်းကို တရားရုံးက ဇွန်လ (၂၀)ရက်ကို ပြန်ချိန်းဆိုလိုက်ကြောင်း ဘီဘီစီမြန်မာပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

လေလံစျေးပြင်ဆင်နိုင်ရန်အတွက် ဦးအောင်ဆန်း၏ရှေ့နေမှ တဆင့်တင်ပြလာသည့် အိမ်လေလံကြမ်းခင်းစျေးပြောင်းလဲရေး တင်ပြချက်ကို ပြန်စိစစ်ကာ နှစ်ဖက် ပြန်လျှောက်လဲချက်ပေးနိုင်ရန် ရုံးချိန်းပြန်ချိန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန် (၁၂)ရက်က ပြီးစီးခဲ့သည့် ရုံးချိန်းတွင် ဦးအောင်ဆန်းဦး၏ ရှေ့နေက ငွေကျပ် (၃၁၅) ဘီလီယံ သတ်မှတ်ထားသည့် လေလံစျေးနှုန်းကို ဘီလီယံ (၃၀) လျော့ပြီး (၂၈၅)ဘီလီယံ သတ်မှတ်ပေးဖို့ တင်ပြခဲ့ကာ တရားနိုင်တစ်ဦးအနေဖြင့် ဦး‌အောင်ဆန်းဦးက ခြံဝင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် တရားရုံးကိုတင်ပြထားကြောင်း ဘီဘီစီမြန်မာပိုင်း၏ သတင်းဖော်ပြချက်အရ သိထားရသည်။

တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) အိမ်ကို ငွေကျပ် ၃၁၅ ဘီလီယံဖြင့် လေလံတင် ရောင်းချရန် ကမာရွတ်မြို့နယ် တရားရုံးက ယခုနှစ် ဇန်နဝါရီ (၂၅) ရက်က အမိန့်ချမှတ်ထားခြင်းဖြစ်သည်။

သို့သော် မတ်လ (၂၀)ရက်၌ ပထမအကြိမ် လေလံတင် ရောင်းချခဲ့သော်လည်း လေလံဆွဲသူ တစ်စုံတစ်ဦးမှ ထွက်ပေါ်ခဲ့ခြင်းမရှိသေးပေ။

ခြံအမှတ် ၅၄ ၏ ဧရိယာအကျယ်အဝန်းမှာ ၁.၉၂၃ ဧက ကျယ်ဝန်းပြီး စတုရန်းပေ ၈၃၇၆၅.၈၈ ပေ ရှိကြောင်းသိရသည်။

ပုံစာ – မတ်လ(၂၀) ရက်က ခြံအမှတ် (၅၄) ရှေ့တွင် လေလံပွဲ ပြုလုပ်နေသည့် မြင်ကွင်း(ပုံအဟောင်း-BBC)


LEAVE A REPLY

Please enter your comment!
Please enter your name here