ထိုင်းက ရထားလမ်းကွန်ရက် တိုးချဲ့လာမှုကြောင့် ဘန်ကောက်-ပေကျင်း ရထားခရီးစဉ် ပိုနီးစပ်လာ

0
244

ထိုင်းနိုင်ငံက ၎င်းရဲ့ ရထားလမ်းကွန်ရက်ကို တိုးချဲ့ဖို့ ပြင်ဆင်လာတာကြောင့် ဘန်ကောက်နဲ့ ပေကျင်းအကြား ရထားနဲ့ သွားလာနိုင်ဖို့ရာ ပိုမိုနီးစပ်လာခဲ့ပါတယ်။

ဘန်ကောက်နဲ့ လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းအကြား ရထားစမ်းသပ် ပြေးဆွဲမှုကို ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ လုပ်ဆောင်သွားမယ်လို့ ထိုင်းအစိုးရ မီးရထားဋ္ဌာနက ပြောဆိုပါတယ်။ ရထားဝန်ဆောင်မှုတွေ ပြေးဆွဲချိန်မှာ ဒီလမ်းကြောင်းချိတ်ဆက်မှု အသစ်ဟာ ၎င်းတို့ နှစ်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ပို့ဆောင်ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေမှာဖြစ်တယ်လို့ မီးရထားဋ္ဌာန အရာရှိ Ekarat Sriarayanphong က ပြောဆိုခဲ့ပါတယ်။

ထိုင်း-လာအို ရထားလမ်းချိတ်ဆက်မှု စတင်လိုက်ခြင်းဟာ ဘန်ကောက်ကနေ တရုတ်နိုင်ငံ မြို့တော်ကို ရထားနဲ့ သွားရောက်နိုင်တော့မယ့် အခြေအနေလည်းဖြစ်ပါတယ်။ ယင်းမှာ ဗီယန်ကျင်းက တဆင့် တရုတ်မြို့ ကူမင်းကို သွားရောက်ပြီး ကူမင်းကမှတဆင့် ပေကျင်းကို အလယ်အလတ် မြန်နှုန်းရှိ ရထားခရီးစဉ်နဲ့ သွားရောက်နိုင်မှာဖြစ်ပါတယ်။

တရုတ်နဲ့ လာအိုအကြား ပြေးဆွဲနေခဲ့တဲ့ မြန်နှုန်းမြင့် ရထားခရီးစဉ်ဖြင့် ထိုင်းကုန်စည်တွေကို ကူမင်းသို့ ပို့ဆောင်ခွင့်ပြုထားတယ်လို့ Nikkei သတင်းအရ သိရပါတယ်။ ဒီအတွက် တောင်ပေါ်လမ်းတွေတလျှောက် ကုန်တင်ကားတွေနဲ့ သယ်ဆောင်ရတဲ့ နှစ်ရက်ကြာ ကုန်ပို့ဆောင်ခရီးကို အချိန် ၁၅ နာရီကြာဖြင့်သာ ပို့ဆောင်ရောက်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဟာ ဒေသတွင်း လုပ်ဖော်ကိုင်ဖက်များထက် နောက်ကျကျန်နေသော ၎င်းရဲ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ချိတ်ဆက်မှုတိုးတက်ဖို့ ကြိုပမ်းနေပါတယ်။

ထိုင်းဟာ ယခင်နှစ် ပထမ ၁၁ လအတွင်း သစ်သီးဝလံနဲ့ ရော်ဘာထုတ်ကုန်တွေအပါအဝင် တရုတ်နိုင်ငံသို့ ထိပ်တန်းထုတ်ကုန်တွေတင်ပို့မှု ကန်ဒေါ်လာ ၃၂ ဘီလီယံဖိုးရှိခဲ့တယ်လို့ အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ယင်းကာလတူအတွင်း တရုတ်နိုင်ငံကနေ တင်သွင်းမှု တန်ဖိုးကတော့ ကန်ဒေါ်လာ ၆၅.၃ ဘီလီယံရှိခဲ့ပြီး လျှပ်စစ်ပစ္စည်းတွေနဲ့ စက်ယန္တရားတွေ အဓိက တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here