ဂျာမနီက စစ်တပ်ကို လူငယ်တွေနဲ့ အားသစ်လောင်းမယ့် ဥပဒေသစ်အား အဆိုပြု

0
145

တိုင်းပြည်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက် အင်အားဆုတ်ယုတ်နေသော လက်နက်ကိုင်တပ်ကို အားဖြည့်ရာမှာ အထောက်အကူဖြစ်မယ့် ဥပဒေကြမ်းသစ် အစီအစဉ်ကို ဂျာမနီကာကွယ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဥပဒေကြမ်းအရ နှစ်စဉ် အသက် ၁၈ ရောက် လူငယ် ၄၀၀၀၀၀ ခန့်ထံ အစိုးရက စာရွက်စာတမ်းတွေပေးပို့ရမှာဖြစ်ပြီး ၎င်းတို့ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုစိတ်၊ စွမ်းဆောင်ရည်တို့နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားစေမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရပ်စ်က ပြောဆိုပါတယ်။

စာရွက်စာတမ်းတွေကို လက်ခံရရှိတဲ့ လူငယ်တွေဟာ မေးခွန်းတွေကို ဖြည့်စွက်ပေးကြရမှာဖြစ်ပြီး ယင်းနောက် စစ်မှုထမ်းဖို့ စိတ်ပါဝင်စားသူတွေကို ဆေးစစ်မှုလုပ်ဖို့အတွက် စစ်တပ်က ဖိတ်ကြားရမယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းဖို့ အရည်အချင်းအပြည့်မီဆုံး လူငယ်တွေကို ရွေးချယ်ပြီး ၆ လမှသည် ၂၃ လ အထိ စစ်မှုထမ်းကာလကို ထမ်းဆောင်ကြရမှာဖြစ်ကြောင်း သိရပါတယ်။

ဘာလင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့မှုအတွင်း ပစ္စတိုးရပ်စ်က ခြိမ်းခြောက်မှုအနေအထားတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် ပြောင်းလဲသွားပြီလို့ ရှင်းပြခဲ့ပါတယ်။

“ရုရှားက ယူကရိန်းကို စစ်ဆင်နွှဲနေတာ အခုဆို ၂ နှစ်ခွဲကြာလာပါပြီ၊ ဒါက စည်းမျဉ်းအခြေပြု နိုင်ငံတကာ အစီအစဉ်တွေကို မေးခွန်းထုတ်စရာဖြစ်ရုံမက ဒါတွေကို ဖျက်ဆီးပစ်နေတာပါ” လို့ သူက ပြောဆိုခဲ့ပါတယ်။ “ဒါက ခြိမ်းခြောက်မှု အခြေအနေသစ်ပါ” လို့လည်း သူက ဆိုခဲ့ပါတယ်။

ဒီအစီအမံဟာ လက်ရှိ သန္ဓေစစ်သည်အင်အား ၁၈၁၀၀၀ အောက်သာ ရှိနေတဲ့ အခြေအနေကနေ အင်အား ၂၀၃၀၀၀ အထိ မြှင့်တင်ရေး ကြိုးပမ်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဂျာမနီဟာ စစ်အေးကာလအချိန်က စစ်သည်အင်အား ၅၀၀၀၀၀ ကျော် ရှိခဲ့တာဖြစ်ပါတယ်။

ဥပဒေကြမ်း အတည်ပြုပြီးပါက စစ်မှုထမ်းသစ်ခေါ်ယူမှုဟာ လူငယ်တွေကို မဖြစ်မနေ စစ်သားစုဆောင်းခြင်းမျိုး မဟုတ်ဘဲ မိမိဆန္ဒအလျောက်ထမ်းဆောင်စေမှုမျိုးသာဖြစ်နေမယ်လို့ ဆိုပါတယ်။

ဂျာမနီဟာ မဖြစ်မနေ စစ်မှုထမ်းဆောင်ရတဲ့ စနစ်ကို ၅၅ နှစ်ကြာ ကျင့်သုံးခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ ဒါကို ရပ်ဆိုင်းခဲ့ပါတယ်။ ယင်းအချိန်ကစလို့ ယနေ့အထိ မဖြစ်မနေ စစ်မှုထမ်းရခြင်းနဲ့ အရပ်ဖက်တာဝန်ထမ်းဆောင်ရခြင်းမျိုးတွေ မရှိတော့ကြောင်း သိရပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here