မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ နယ်စပ်မှာ တံတိုင်းဆောက်

0
101

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ နယ်နိမိတ်တလျှောက်က စစ်မဲ့ဇုန်(DMZ) ရှိ ၎င်းတို့ဘက်ခြမ်းမှာ တံတိုင်းဆောက်ခြင်းနဲ့ လမ်းဖောက်ခြင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့ စစ်ဘက်ဆိုင်ရာ နယ်နိမိတ်မျဉ်း (MDL) နဲ့ DMZ ရဲ့ မြောက်ဘက်စွန်းအကြား ၁.၂ မိုင်အကျယ်ရှိ ဧရိယာအတွင်းမှာ မကြာမီက တံတိုင်းတည်ဆောက်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်တဲ့ စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဋ္ဌာနက စနေနေ့(ဇွန် ၁၅) မှာ ဖော်ပြပါတယ်။ မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ မသိရသလို တံတိုင်း အမြင့်နဲ့ အကျယ် ဘယ်လောက်အတိုင်းအတာရှိတယ်ဆိုတာကိုလည်း ယွန်ဟပ်က ဖော်ပြခြင်း မရှိပါဘူး။

ယခုလအစောပိုင်းက သံတူရွင်းနဲ့ ဂေါ်ပြားတွေကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေတစ်ချို့ MDI ကို ယာယီဖြတ်ကျော်ခဲ့မှုကြောင့် တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေက သတိပေးပစ်ခတ်မှုလုပ်ခဲ့ရပြီး ဒါဟာ တံတိုင်းဆောက်လုပ်ရေးနဲ့ သက်ဆိုင်ဖွယ်ရှိတယ်လို့လည်း ယွန်ဟပ်က ပြောဆိုပါတယ်။

မြောက်ကိုရီးယားဘက်က အမှိုက်ထုပ် မိုးပျံပူဖောင်းတွေ တောင်ပိုင်းကို ပို့လွှတ်ခဲ့သလို တောင်ကိုရီးယားဘက်ကလည်း ဝါဒဖြန့် လော်စပီကာ ထုတ်လွှင့်မှုတွေ ပြန်လုပ်လာခဲ့မှုကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ တင်းမာမှုဆက်ဖြစ်နေခဲ့တာပါ။

ကိုရီးယားနှစ်နိုင်ငံဟာ နယ်စပ်အနီးမှာ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကြီး အများအပြားကို နေရာချထားကြတာလည်း ဖြစ်ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here