ညောင်ဦးမြို့နယ်မှ ဧရိယာ (၄၀၈.၀၇) ဧက ကျယ်ဝန်းသော နယ်မြေကို “ငါ့လင်းပုတ်” ကြိုးပြင်ကာကွယ်တောအပိုင်း(၂) အဖြစ် သတ်မှတ်

0
292

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄၀၈.၀၇) ဧကရှိသော နယ်မြေကို “ငါ့လင်းပုတ်” ကြိုးပြင်ကာကွယ်တောအပိုင်း(၂) အဖြစ် သတ်မှတ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၂၄) အရ ၂၀ ၂၄ ခုနှစ်၊ ဇွန် (၇) ရက်မှ စတင်၍ သတ်မှတ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။

အပူပိုင်းဒေသဖြစ်သည့် ပုဂံညောင်ဦး ဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှု ကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထို့ပြင် မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

“ငါ့လင်းပုတ်”ကြိုးပြင်ကာကွယ်တောအပိုင်း (၂) သတ်မှတ်ခြင်းဖြင့် ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဒေသမျိုးရင်း သစ်မျိုးများဖြစ်သည့် ဖျောက်ဆိတ်၊ ယင်းမာ၊ ထ နောင်း၊ ရှား၊ ကျွန်းဖို၊ တမာ၊ ဒဟတ်စသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ 

ထို့ပြင် ခါ၊ ချိုး၊ တောကြောင်၊ ယုန် စသည့် တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည် ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအတွက် အထောက်အကူပြုခြင်း၊ မြေဆီလွှာတိုးတက် ကောင်းမွန်လာခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတု ပိုမိုကောင်းမွန်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here