၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို တော်ဝင် အသရေဖျက်မှုဖြင့် တရားဝင် စွဲချက်တင်

0
150

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ဘုရင်စနစ်အပေါ် အသရေဖျက်မှုနဲ့ အင်္ဂါနေ့(ဇွန် ၁၈) မှာ တရားဝင် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ ဒီအမှုဟာ ထိုင်းနိုင်ငံရေးကို လှုပ်ခတ်စေတဲ့ တရားရုံးရောက် အမှုများစွာထဲက တစ်မှုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က ရာထူးကနေ ဖြုတ်ချခံခဲ့သူဖြစ်သော်ငြားလည်း နိုင်ငံရေး သြဇာလွှမ်းမိုးနေဆဲဖြစ်တဲ့ သက်ဆင်ဟာ မနက် ၉ နာရီမထိုးခင်လေးမှာ ရှေ့နေတွေထံ သတင်းပို့ခဲ့ကြောင်းနဲ့ တရားစွဲတင်မှု လုပ်ငန်းစဉ်ပြီးမြောက်ခဲ့ကြောင်း ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ဘီဂျရာဂူနာက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

သက်ဆင်ကို တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ကားတစ်စီး ဘန်ကောက်မြို့က ပြစ်မှုဆိုင်ရာ တရားရုံးရှေ့ ရောက်ရှိလာခဲ့ပေမယ့် သတင်းထောက်တွေနဲ့ တွေ့ဆုံဖို့ရာ သူ ကားထဲက ဆင်းလာခြင်းတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သက်ဆင်အနေနဲ့ တရားရုံးထဲကို ဒါမှမဟုတ် အနီးရှိ ရှေ့နေချုပ်ရုံးထဲကို သွားရောက်ခဲ့သလားဆိုတာတော့ ရှင်းလင်းစွာ မသိရဘူးလို့လည်း ဆိုပါတယ်။

သက်ဆင်ဟာ တရားစီရင်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အသင့်ဖြစ်နေကြောင်းနဲ့ အာမခံရရေး တောင်းဆိုသွားဖို့ရာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း သူ့ရဲ့ ရှေ့နေဖြစ်သူ Winat Chatmontree က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဘုရင်စနစ်အပေါ် အသရေဖျက်မှု ဥပဒေအရ ကျူးလွန်သူတွေဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုတစ်ခုနဲ့ သက်ဆင်ရာထူးက ဖြုတ်ချခံခဲ့ရပြီး သဘောထားတင်းမာတဲ့ တော်ဝင်ဝါဒီ သူ့ပြိုင်ဘက်တွေက အကျင့်ပျက် ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ ၂၀၁၆ ခုနှစ်မှာ ကံတော်ကုန်သွားခဲ့တဲ့ ထိုအချိန်က ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်အပေါ် မထီမဲ့မြင်ပြုမှုတွေ လုပ်ခဲ့တယ်လို့ သူ့ကို စွပ်စွဲခဲ့ကြပါတယ်။

သူဟာ တောင်ကိုရီးယားနိုင်ငံမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ ၂၀၁၆ ခုနှစ်မှာ တော်ဝင် အသရေဖျက်မှု ဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ သို့ပေမယ့် အခြား အမှုစီရင်ချက်တွေအတွက် ပြစ်ဒဏ်ကျခံရမှုကို ရှောင်လွှဲဖို့ရာ၂၀၀၈ ခုနှစ်ကစလို့ သူ ပြည်ပကို တိမ်းရှောင်သွားခဲ့တာကြောင့် ယင်းအမှုကို စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Ref:usnews.com


LEAVE A REPLY

Please enter your comment!
Please enter your name here