ရုရှားမှာ လူဒါဇင်ပေါင်းများစွာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်

0
356

မော်စကိုမြို့တော်မှာ လူ ၁၂၀ ကျော်နဲ့ အခြားမြို့ကြီးတွေမှာ လူဒါဇင်နဲ့ချီကာ အစာအဆိပ်သင့်ပြီး နာမကျန်းမှုတွေဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ရုရှား စုံစမ်းစစ်ဆေးသူတွေက လူသုံးဦးကို ဖမ်းဆီး တရားစွဲလိုက်ပါတယ်။ Botulism လို့ခေါ်တဲ့ ဒီအစာဆိပ်သင့်ခြင်းဟာ ပဲသုတ်အထုပ်တွေထဲမှာပါလာတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

စားသုံးသူဘေးကင်းမှု စောင့်ကြည့်ရေးအဖွဲ့ Rospotrebnadzor က အစာအဆိပ်သင့်မှုပေါ်ပေါက်ခဲ့ပြီးနောက် မော်စကိုနဲ့ဝန်းကျင်ဒေသ၊ Nizhny Novgorod နဲ့ Tatarstan ဒေသတို့မှာ မှတ်ပုံတင်ထားတဲ့ အန္တရာယ်ရှိထုတ်ကုန် ၁၇၂ မက်ထရစ်တန်ကျော်ကို ဈေးကွက်ထဲမှ ဖယ်ရှားခဲ့တယ်လို့ စားသုံးသူဘေးကင်းမှု စောင့်ကြည့်ရေးအဖွဲ့ Rospotrebnadzor က ပြောဆိုခဲ့ပါတယ်။

Botulism ဟာ ရှားပါးပြီး အသက်အန္တရာယ်ရှိတဲ့ ဖျားနာမှုတစ်ခုဖြစ်ပြီး ခန္ဓာကိုယ် အာရုံကြောတွေကို တိုက်ခိုက်ကာ အသက်ရှုလမ်းကြောင်းမှာ ပြဿနာဖြစ်စေပြီး ကြွက်သားများလေဖြတ်ခြင်းကိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ဖျားနာမှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ သိုလှောင်မှုညံ့ဖျင်းတဲ့ အစားအစာတွေကနေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။

အရေးကြီးတဲ့ ပြစ်မှုတွေကို ကိုင်တွယ်ရသော ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက အစားအစာထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်အပါအဝင် အစားအစာပို့ဆောင်ရေးဝန်ဆောင်မှုအတွက် အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ ခေါင်းဆောင်နဲ့ ဒါရိုက်တာဖြစ်သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မော်စကိုမှာ လူပေါင်း ၁၂၀ ကျော်လောက်ဟာ အစာအဆိပ်သင့်မှုနဲ့ botulism လက္ခဏာတွေပြခဲ့တာကြောင့် ဆရာဝန်တွေနဲ့ တွေ့ဆုံတိုင်ပင်တာတွေ လုပ်ခဲ့တယ်လို့ အင်တာဖက်သတင်းဋ္ဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် မော်စကိုမြို့အရှေ့ဘက်ရှိ Kazan နဲ့ Nizhny Novgorod မြို့တွေမှာ botulism လက္ခဏာတွေနဲ့ လူ ၃၀ နီးပါး ဆေးရုံတက်ခဲ့ရတယ်လို့လည်း သတင်းဋ္ဌာနက ဆိုပါတယ်။

ယင်းမြို့သုံးမြို့တစ်ဝိုက် အထူးကြပ်မတ် ကုသမှုပေးနေရသူ ဒါဇင်ချီရှိနေတယ်လို့ သိရပါတယ်။ လူနာတွေကို အဆက်မပြတ် စောင့်ကြည့်နေလျက်ရှိကြောင်းနဲ့ ၎င်းတို့ရဲ့ ရောဂါလက္ခဏာတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမျိုးမရှိကြောင်း မော်စကိုရှိ အရာရှိတစ်ဦးက ပြောဆိုတယ်လို့ အင်တာဖက်က ဆက်လက် ဖော်ပြခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here