မြဝတီလမ်းပိုင်းများ ပျက်ဆီးနေမှုကြောင့် ကုန်တန်ဆာခများ သုံးဆနီးပါးမြင့်တက်နေ ဟုဆို

0
144

ထိုင်း-မြန်မာ နယ်စပ် မြဝတီသို့ သွားသည့် လမ်းပိုင်းများ မိုးရွာသွန်းမှုကြောင့် ပျက်ဆီး‌နေသည့်အတွက် ကုန်တင်ယာဉ်များရပ်နားထားရပြီး ကုန်တင်တန်ဆာခများမှာလည်း (၃)ဆနီးပါးပေးနေရကြောင်း ဒေသတွင်း ကုန်စည်ကူးသန်းရောင်းဝယ်နေသည့် ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လမ်းပိုင်းပျက်ဆီးမှုများကြောင့် မြဝတီမှ သာမညအထိ ကုန်တစ်တန်လျှင် ယခင်လအတွင်း ကျပ်တစ်သိန်းခွဲဝန်းကျင်ခန့်သာရှိသော်လည်း ယခု ဇွန်လအတွင်း ကျပ်နှစ်သိန်းရှစ်သောင်းမှ သုံးသိန်းနီးပါးအထိ ‌ရှိနေကြောင်းသိရသည်။

“တန်ဆာခတွေတက်တယ်။ လမ်းပိုင်းဒီအတိုင်းသာဆို ထပ်တက်ဖို့ဘဲရှိမယ်။ ကုန်ကားတွေလည်း မထွက်ဘူး။ ထွက်တဲ့ကားတွေလည်း လမ်းမှာ နှစ်ညလောက်အိပ်ရတဲ့အခြေအနေပေါ့။တိုက်ပွဲကြောင့်လည်းမဟုတ်ဘူး။ လောင်စာဆီပြဿနာကြောင့်လည်း မဟုတ်ဘူး။ အဓိကကလမ်းပိုင်းပျက်ဆီးနေတာကြောင့်”ဟု ဒေသခံကုန်သည်တစ်ဦးက ဆိုသည်။

အလားတူ ခရီးသည်တင်ကားခ ဈေးနှုန်းများလည်း မြင့်တက်နေပြီး ရန်ကုန်မှ မြဝတီအထိ လူတစ်ဦးလျှင် ကားခ ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းအထိ ဈေးမြင့်တက်နေကြောင်း ခရီးသည်တင်ယာဉ်လိုင်းတစ်ခုထံမှ သိရသည်။

လက်ရှိတွင် ဒေါနတောင်တက်လမ်းပိုင်းကို အသုံးပြုနေကြရပြီး နေ့စဉ် ယာဉ်တိမ်းမှေ-ာက်မှု ၊ ပျက်ဆီးမှုများရှိနေသည့်အတွက် ကားများ ရှေ့ဆက်သွားမရဘဲ ပိတ်ဆို့မှုများဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

ဒေသတွင်းမိုးရွာသွန်းမှုများကြောင့် မြဝတီမြို့သို့သွားလာနိုင်သည့် ထော့ကိုကိုးလမ်းပိုင်းအပါအဝင် နယ်ခြားစောင့်တပ်(၁၀၁၈) တပ်က ဖောက်လုပ်ပေးထားသည့် လမ်းပိုင်း ‌(ဒေသအခေါ် (၁၈)လမ်း)နှင့် သက္ကတေရွာဘက်မှဖောက်လုပ်ထားသည့် လမ်းပိုင်း(ဒေသအခေါ် ကြက်ဥတောင်လမ်း) တို့မှာ တောင်တက်တောင်ဆင်းလမ်းဖြစ်သည်နှင့်အညီ လမ်းချော်နေသောကြောင့် နယ်စပ်ဒေသကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်တွင် ယမန်နှစ် ဒီဇင်ဘာလ (၁) ရက်မှစတင်ကာ ယနေ့အချိန်အထိ စစ်ရေးတင်းမားမှုများကြောင့် အာရှလမ်းမကြီးအား ယာယီပိတ်ထားရဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here